Wednesday 31 December 2008

သူရဲကောင်းများ

ကျွန်တော်တို့ တိုင်းပြည်က စစ်သားဆိုတဲ့ လူတွေက တခါတလေ မြောက်ကြွ မြောက်ကြွနဲ့ သူတို့ပဲ တိုင်းပြည်အတွက် အသက်ပေးထားသလို၊ သူတို့ပဲ အများအတွက် စတေးခံပြီး အသက်ရင်းထားရသလိုနဲ့ အခြေခံ စိတ်ဓါတ်ရေးရာအရ ပြန်ကြည့်ရင် ၁၉၈၈ နောက်ပိုင်းမှ စစ်တပ်ထဲ(ဗိုလ်သင်တန်းကို ပြောတာ ဖြစ်ပါတယ်။ သာမန် တပ်သားဘဝကတော့ အခြေခံ တမျိုးစီပါ။) ဝင်တဲ့ လူတွေမှာ တိုင်းပြည်ကို ချစ်လို့ ကာကွယ်ဖို့ထက် အခွင့်အရေးဆိုတာကို မက်ပြီး စစ်ထဲဝင်နေတာဆိုတာ ငြင်းမရပါဘူး။

ကျွန်တော် ဒီလိုပြောလို့ လူမုန်းများလာနိုင်ပါတယ်။ လူအတော်များများ အမြင်ကတ်တာ ခံရနိုင်ပါတယ်။ အနာပေါ် တုတ်ကျသလို ဆက်ဆက်ခါ နာသွားမယ့် လူတွေလည်း တပုံကြီးပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ရှေ့ရေးအတွက် တိုင်းပြည်မှာ တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ လူတွေရဲ့ စိတ်ဓါတ်ရေးရာက အရမ်းအရေးကြီးပါတယ်။ အခုတော့ အဲဒီ လူတွေက အခွင့်အရေး ရနိုင်တယ် ဆိုတဲ့ မျှော်မှန်းချက်နဲ့ဝင်တာဆိုတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခွင့်အရေးသမား (သို့) ဖျက်စီးရေး သမားတွေကို မွေးထုတ်ဖို့ သက်သက်ဖြစ်နေပါတော့တယ်။

စစ်သင်တန်းမှာ ဘယ်လို ပင်ပန်းတာ၊ ဘယ်လို ကြိုးစားရတာ ဆိုတာတွေ .. မင်း တို့ရော လုပ်နိုင်သလား ဆိုတာတွေ ပြောမယ့် စကားလုံးတွေကိုလည်း မြင်နေရပါတယ်။ ဒါပေမယ့် ဆိုက္ကားသမား ဆိုက္ကားနင်းလို့ ခြေထောက်တောင့်တာ သဘာဝပါပဲ။ ကားစပယ်ရာက တနေကုန် အော်ရလို့ အသံနာနိုင်ပြီး မောတာ သဘာဝပါပဲ။ စစ်သား စစ်သင်တန်းမှာ ပင်ပန်းတယ်ဆိုတာ ကိုယ့်ဘာသာ အခွင့်အရေးအတွက် အပင်ပန်းခံမူတစ်ခုပါပဲ။ အဲဒါကို .. တိုင်းပြည်အတွက် အပင်ပန်းခံနေရတယ် ဆိုတဲ့ စိတ်ကြီးဝင်နေမူကလည်း သနားစရာပါပဲ။

ကျွန်တော် ကိုယ်တိုင်လည်း ၁၉၈၈ ပြီးမှ ၁၀ တန်းအောင်ခဲတာပါ။ ကျောင်းတွေ ပိတ်ထားတော့ ဘာမှ တတ်လို့ မရ .. ဖွင့်တာဆိုလို့ နှစ်စဉ် ခေါ်တဲ့ ဗိုလ်သင်တန်း ဆိုတာပဲ ရှိတယ်။ အဲဒီမှာ ကျွန်တော်နဲ့ အတူတူအောင်တဲ့ သူငယ်ချင်းတွေ ဗိုလ်သင်တန်းဆိုတာကြီးကို လျှောက်ကြလေရဲ့။ ပါတဲ့ လူရော.. မပါတဲ့ လူရော ရှိကြပါတယ်။ .. အဲ . ကျွန်တော် ပြောချင်တာက .. အဲဒီ သူငယ်ချင်းတွေ (ငယ်ပေါင်းသူငယ်ချင်းတွေပါ) ကို ကျွန်တော် သေချာ ပြန်တွေးကြည့်တော့ .. အဲဒီ အချိန်မှာ ဗိုလ်သင်တန်း တတ်ဖို့ လျှောက်တယ် ဆိုတာ မလိမ်တမ်း ဝင်ခံခိုင်းရရင် တိုင်းပြည်ချစ်လို့ ဝင်တယ် ဆိုတဲ့ လူ တစ်ယောက်မှ မပါဘူ။ သူတို့ စကားတွေထဲမှာ သင်တန်းဆင်းရင် ဘာရာထူးရမယ်၊ ဘယ်မှာ “ခွင်” ဘယ်လို ကောင်းရင် ဘယ်လောက်ရမယ်။ အချိန်တန်ရင် ရာထူးတိုးမယ် ဆိုတဲ့ ခပ်ပေါ့ပေါ့ ခပ်ပေါပေါ အချောင်သမားဆိုတဲ့ စိတ်ဓါတ်က အခြေခံနေတာများပါတယ်။

အခု ရေးနေတဲ့ အကြောင်းအရာက အဲဒီ ၈၈ နောက်ပိုင်း စစ်ထဲဝင်တဲ့ လူတွေကို နှိပ်ကွပ်ဖို့ သက်သက်ရေးတာ မဟုတ်ပါဘူး။ စာက ချော်နေသလို ဖြစ်နေမှာ ဆိုးလို့။ သူရဲကောင်းဆိုတာနဲ့အချောင်သမားဆိုတာ စိတ်ဓါတ်ရေးရာ အရ ဘယ်လောက်ကွာသလဲဆိုတာ ပြဖို့ အဖြူအမဲ သိသာအောင် စာသား အစပျိုးတာသက်သက်ပါ။

အားလုံး သိပြီး ဖြစ်တဲ့ (မသိတဲ့ လူလည်း ရှိနိုင်ပါတယ်။) မနေ့က NLD က လူငယ် ၉ ယောက် အဖမ်းခံရတဲ့ ကိစ္စပါ။

သတင်းနဲ့ဓါတ်ပုံကို ပြန်လည် တွဲမိအောင် အောင်မှာ ဖတ်ကြည့်ပါ။

30 December 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ၏ ပြည်သူနှင့် လွတ်လပ်ရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲအပြီးတွင် ရုံးရှေ့ မှစတင်ထွက်ခွာသွားခြင်းဖြစ်ပါသည်။

ကြွေးကြော်သံများ အော်ဟစ်ခြင်းမရှိဘဲ ဆိုင်းဘုတ်နှင့် ဓာတ်ပုံများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည့် အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်အချို့ ကိုအန်အယ်လ်ဒီရုံးရှေ့မှ ထွက်ခွာပြီး ပြည်လမ်းပြည်သူ့လွှတ်တော်သို့ အသွားတွင် ရဲလုံထိန်းနှင့်စစ်ဒေသကားများ ရောက်ရှိလာကာ ဆန္ဒပြသူများကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ခဲ့ရသူများကFreedomNews Groupသို့ပြောပြသည်။

ဖမ်းဆီးခံရသူများတွင် ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ကိုရဲနီဦး၊ကိုပြည့်ပြည့်၊ကိုအောင်ဖြိုးဝေ၊ကိုဝင်းမြင့်၊ကိုမင်းသိန်း၊
ကိုကောင်းထက်လှိုင်နှင့် ကိုသက်မောင်ထွန်းတို့ဖြစ်သည်။


Today(30 Dec 2008), the National League for Democracy (NLD) party held a ceremony to mark the 61st anniversary of Burma Independence Day at their headquarters. After the event, nine NLD Youth members marched from NLD headquarters to Sanchaung Township, Rangoon, holding photographs and placards with Daw Aung San Suu Kyi's image. They called for the release of all political prisoners, and demanded national reconciliation.
When they arrived at the public square in Sanchaung Township, they were arrested by members of the Swan Arr Shin (People’s Power Force) the regime's hired thugs, and brutally beaten. Their whereabouts are now unknown.
The nine are:
Tun Tun Win (from Sanchaung Township), Htet Htet Oo Way (from Shwepyithar Township), Ye Ni Oo(Thkhin Ko Daw Hmaing's grandson, NLD Sanchaung Township), Pyae Pyae(Sanchaung Township NLD), Aung Phyo Wai, Min Thein, Win Myint Maung (aka) Pe Pyoat(Kha Yan NLD Youth), Kaung Htet Naing, and Thet Maung Tun.
-ENDS-

Sources from AAPP,
Long Walk for Freedom and
Ko Aung Myo Tint



အခုလိုဆန္ဒဖော်ထုတ်တဲ့သူတွေကိုလုံထိန်းနဲ့စွမ်းအားရှင်တွေက
၃၀၊၁၂၊၂၀၀၈ရက်နေ့မှာပြည်လမ်းမပေါ်မှာရိုက်နှက်ဖမ်းဆီးသွားကြပါတယ်
စိုးသန်း ဓါတ်ပုံ
NLD လူငယ် (၉)ဦး ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေစဉ် လုံထိန်းမှရိုက်နှက် ဖမ်းဆီးခံရ
ဒီဇင်ဘာ (၃၀) ၂၀၀၈ NLD(LA)AUS မှသတင်းရရှိခြင်း
ကိုထွန်းထွန်းဝင်း (စမ်းချောင်း လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ ၁ နှင့် ရန်ကုန်တိုင်း လူငယ်အကူအညီပေးရေး အဖွဲ့ဝင်)
ကိုပြည့်ပြည့် (စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
မထက်ထက်ဦးဝေ(ရွှေပြည်သာအဖွဲ့ဝင်)
ကိုရဲနီစိုး(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
ကောင်းထက်လှိုင်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
သက်ထွန်းမောင်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
ဝင်းမြင့်အောင်(ခ) ပဲပြုတ်(ခရမ်းလူငယ်)
အောင်ဖြိုးဝေ(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
မင်းသိမ်း

သင့်ရင်ထဲက ဆန္ဒတွေကိုဘယ်လိုအရာကတားဆီးနိုင်မလဲ။ သင်ပြောချင်ရာဖွင့်ပြောလိုက်ပါ။
ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ နှင့် ပိုစတာများကိုင်၍ ယနေ့နေ့လည်ငြိမ်းချမ်းစွာ ချီတက်လာစဉ်
လွှတ်တော်ရှေ့အရောက်၌ လုံထိန်ကားများဖြင့် ပိတ်ဆို့ရိုက်နှက်ဖမ်းဆီးသွားကြောင်းသိရှိရပါသည်။
လက်ကမ်း ပို့စကဒ်များဖြန့်ဝေခဲ့ကြောင်းလည်းသိရှိရပါသည်။ကိုမင်းသိမ်းမှထွက်ပြေးသည်ကို အဲဒီကောင်ကို ဖမ်းရိုက်ဟုဆိုကာ လုံထိမ်းများက နံပါတ်တုတ်များဖြင့် ဦးခေါင်းအား ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည်။ လုံထိမ်းများနှင့်အတူ အရပ်ဝတ်များလဲ ဟိုင်းလတ်ကားတစီးအပြည့် ပါသည်။.


အဲဒီ လူ ၉ ယောက်ကို မေးရင် အခုလို အဖမ်းခံ အရိုက်ခံရမှာ မသိဘူးလား မေးကြည့် .. သိတယ် .. လို့ တပြိုင်နက် ဖြေကြမှာ။ ထောင်နှစ်ရှည် ချခံနိုင်ရတယ် မသိဘူးလား မေးကြည့် .. သိတယ် .. လို့ ဖြေကြဦးမှာ။ ဘဝပျက်သွားနိုင်တယ် ဆိုတာ မသိဘူးလား မေးကြည့် .. သိတယ် .. ဆိုတာပဲ ထွက်လာဦးမယ်။

ဘာအခွင့်အရေး မျှော်လင့်ချက်ရှိလဲ မေးကြည့်ပါ။ .. ထောင် .. ဗဟိုထောာက်လှမ်းရေး (ဗလထ) ညှင်းပမ်းရေး စခန်း .. နှစ်ရှည်မိသားစုနှင့် ခွဲနေရမယ် .. ကျန်ခဲ့မယ့် မိသားစုတွေရဲ့ စီးပွားရေးတွေကို ယုတ်မာစွာ ဖျက်ဆီးတာ ခံရမယ် .. အဲဒါတွေရမယ်။ ဒါတွေက မျှော်လင့်ချက် မဟုတ်ပါဘူး။ တကယ်လက်တွေ့ဖြစ်လာမှာတွေ။

ဒါဆို ဘာအတွက် လုပ်တာလဲ .. ဟုတ်ကဲ့ . ကျွန်တော် သူတို့ ကိုယ်စားဖြေရရင် “တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကိုစွန့် အနစ်နာခံတဲ့ သူရဲကောင်း စိတ်ဓါတ်နဲ့ လုပ်ကြတာ” လို့ ဖြေရမှာပါပဲ။

သူရဲကောင်းစိတ်ဓါတ် နဲ့ အခွင့်အရေးအတွက် အချောင်သမား စိတ်ဓါတ် ဆိုတာတွေကို ... လူငယ်ချင်း အတူတူ .. မြန်မာနိုင်ငံသားခြင်းအတူတူ ခွဲခြားမြင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

Thursday 25 December 2008

မြန်မာပြည်နဲ့ ကမ္ဘာကြီးကို ဈေးသက်သက်သာသာ ဆက်သွယ်နိုင်ပါပြီ .. တဲ့။

ကျွန်တော်တို့ တိုင်းတပါးမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေရတဲ့ မြန်မာနိုင်ငံသားတွေ အမြဲ ဒုက္ခရောက်ရတဲ့ ကိစ္စကတွေထဲက တစ်ခုကတော့ မိသားစုနဲ့ အေးအေးဆေးဆေး စကားမပြောရတာပါပဲ။

လက်ရှိ ကျွန်တော် အခု ခဏ ရောက်နေတဲ့ UK ကနေ စင်္ကာပူကို ဖုန်းဆက်မလား၊ အလကား လောက်နီးနီးကို ဖုန်းဆက်ခက သက်သာတယ်။ အင်္ဂလိပ် ငွေ £1 တန် ဖုန်းကတ်ဝယ်လိုက် မိနစ် ၁၀၀ ကျော် ဆိုတာ အသာလေးပဲ။ ထိုင်းကို ဆက်မလား၊ အမေရိကန်ကို ဆက်မလား ... အလားတူ အလကားနီးပါးကို ဆက်လို့ရတယ်။

တချို့ VOIP ဖုန်း စနစ်နဲ့ဆို ခုနက ပြောတဲ့ နိုင်ငံတွေကို အလကားတောင် ဆက်လို့ရသေးတယ်။ ကိုယ့်ဘက်က ကွန်ပြူတာသုံးပြီး ဟိုဘက်က တယ်လီဖုန်းကို လှမ်းဆက်တာပေါ့။ တပြားမှ မကုန်ဘူး။ တနေကုန် ပြောနိုင်သလောက်သာပြောပေတော့။ မိသားစု စကားပြောပြော၊ အလုပ်ကိစ္စ ပြောပြော၊ သမီးရည်းစားရှိလို့ လွမ်းလွမ်း အခမဲ့ ပြောလို့ လွမ်းလို့ရတယ်။

အဲ .. မြန်မာပြည်ကို ဆက်မှာလား၊ UK က နေ ဈေးအသက်သာဆုံး ဖုန်းကဒ်က £5 ကို မိနစ် ၁၀၀ ကျော်ဆိုတာ ကံကောင်းရင် ရတတ်တယ်။ ဒါတောင် ဘယ်ဖုန်းကဒ်ကောင်းသလဲ လိုက်စုံစမ်းနေရသေးတာ။ ဖုန်းကဒ်ဆိုတာကလည်း မသေချာပါဘူး။ ဒီရက်ပိုင်းမှာ မိနစ် ၁၀၀ ကျော်ရလို့ အားကိုးပြီး အများကြီး ဝယ်မထားနဲ့ နောက်ရက်တွေမှာ ရချင်မှ ရတာ။ (ကျွန်တော် ဒီတိုင်းပြည်ရောက်ခါစကဆို £20 ဖုန်းကဒ်ကို မိနစ် ၄၀ ပဲ ရတယ်။)

ကွန်ပြူတာ ကနေ ဟိုဘက်က ဖုန်းကို လှမ်းခေါ်တဲ့ VOIP ဖုန်းစနစ်နဲ့ မြန်မာပြည်က ဖုန်းကို ခေါ်မလား။ သူလည်း ထူးမခြားနားပါပဲ။ တမိနစ်ကို £0.40 လောက် ကျတယ်။

အခုတော့ မြန်မာနိုင်ငံသားတွေအတွက် မြန်မာပြည်ကို သက်သက်သာသာ ဖုန်းခေါ်လို့ရနိုင်တဲ့ VOIP လို ကွန်ပြူတာကနေ ဖုန်းခေါ်တဲ့ စနစ်တစ်ခုကို မြန်မာတွေက Gtalk ကို သုံးပြီး ခေါ်နိုင်အောင် တီထွင်လိုက်ပါတယ်။ ခေါ်လို့ရတဲ့ ဈေးနှုံးတွေကို နိုင်ငံအလိုက် ကွဲပြားမှု ရှိတာကို တွေ့ရပါတယ်။

ဈေးနှုံးကတော့ .. မြန်မာပြည်ကို ခေါ်ရင် တမိနစ်ကို US $0.18 တဲ့။ (£0.12 လောက်ရှိမယ်။) မြန်မာပြည်ကနေ ပြန်ခေါ်ရင်တော့ တမိနစ်ကို US $0.2 (£0.1 ကျော်ကျော်ပါပဲ။) အလကားနီးပါးပေါ့။

ဒါဆို ဘယ်လို ခေါ်ရလဲ၊ ဘယ်လို ပိုက်ဆံ ပေးရလဲ ဆိုတာတွေက မေးစရာ ဖြစ်လာပါတယ်။

သူ့ website ထဲမှာလည်း ရှင်းပြထားပါတယ်။ website က တော့ www.bamartalk.com မှာ ကြည့်လို့ရပါတယ်။

ပထမ လိုအပ်တာက Gtalk အကောင့် တစ်ခု၊ bamar talk အကောင့် တစ်ခု လိုပါတယ်။

Gtalk အကောင့်က ဖုန်းခေါ်ဖို့ကို သုံးရပြီး၊ barmar talk အကောင့်ကတော့ ပိုက်ဆံထည့်ဖို့ အတွက်ပါပဲ။

ပိုက်ဆံ ဘာနဲ့ ထည့်လဲ ဆိုတော့ .. အင်တာနက် သုံးတဲ့ လူတွေ အားလုံး သိကြတဲ့ paypal အပြင် အခြားသောနည်းလမ်းများစွာနဲ့ သုံးလို့ရပါတယ်။ (burma talk အကောင့်အတွက် register လုပ်တဲ့အခါ သုံးတဲ့ password က Gtalk password နဲ့ တူစရာ မလိုပါဘူး။ တချို့က ရောထွေးမြင်တတ်ပြီး gtalk အတွက် password ခိုးခံရမယ့် ပြဿနာ စိုးရိမ်မှု မဖြစ်ရအောင်ပါ။)

register လုပ်ပြီးသွားရင်တော့ သူက နံပါတ် (PIN) တစ်ခုကို ကိုယ့်အတွက် မေးလ်ကနေ အလိုအလျှောက် (auto) ပို့ပါတယ်။ ပိုက်ဆံက အဲဒီ နံပါတ်ထဲမှာပါ။ ကိုယ်က ဖုန်းခေါ်ချင်ရင် ကိုယ့် gtalk ထဲကနေ call_at_barmartalk.com@gtalk2voip.com ဆိုတဲ့ အကောင့်ကို add လုပ်လိုက်ပါ။ (သူငယ်ချင်း တစ်ယောက်ကို add လုပ်သလိုပါပဲ။)

သူငယ်ချင်းနဲ့ gtalk ပေါ်ကနေ စကားပြောသလိုပဲ call ကို နှိပ်လိုတာနဲ့ သူက ခုန (PIN) ကို တောင်းပါမယ်။ အဲဒီ PIN နံပါတ်ကို ရိုက်ထည့်ပြီး (#) ကို နှိပ်လိုက်ပါ။ ပြီးတာနဲ့ သူက အကောင့်မှာ ဘယ်လောက် ရှိတယ် ဆိုတာ ပြောပါမယ့်။ အဲဒါ ပြီးတာနဲ့ ကိုယ် ခေါ်ချင်တဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီး၊ ခုနကလိုပဲ (#) ထပ်နှိပ်လိုက်တာနဲ့ ဟိုဘက်က ကိုင်ပြီဆိုတာနဲ့ စကားပြောလို့ ရပါပြီ။ ဖုန်းပြောပြီးရင်တော့ end ပေါ့။

promotion တစ်ခုလည်း ရှိတယ်လို့ ပြောပါတယ်။ သူငယ်ချင်း တစ်ယောက်ကို Invite လုပ်ပြီး ကြေငြာပေးထားရင် အဲဒီသူငယ်ချင်းက ပိုက်ဆံထည့်တိုင်း ကိုယ်က ၁၀ % အလိုလို ရနေမှာပါ။

ကဲ ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေ ဈေးသက်သက်သာသာနဲ့ မိသားစုကို စကားပြောလို့ ရနိုင်ကြပါစေဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

Tuesday 23 December 2008

ဝမ်းနည်းမိခြင်း

ကျွန်တော်တို့၏ ရဲဘော် မိတ်ဆွေ ကိုမျိုးချစ်(www.myochitmyanmar.org)၏ ဖခင် ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ ဦးထွန်းထွန်းနိုင် ကွယ်လွန်သွားသည်ဟု ကြားသိရသဖြင့် ကိုမျိုးချစ်နှင့် ထပ်တူ ဝမ်းနည်းမိတယ်ဗျာ။

ဝမ်းနည်းစွာဖြင့်
ကိုထိုက်

Tuesday 16 December 2008

နအဖကို ကာကွယ်ပေးမနေစမ်းပါနဲ့

(www.socialactionforwomen.blogspot.com မှ ရယူထားပါသည်။)


(နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG အိုင်စီဂျီ၏ ၂ဝဝ၈ အောက်တိုဘာ ၂ဝ ရက်ထုတ် 'နာဂစ်အလွန် မြန်မာ ပြည်-ပုံမှန်ဆက်ဆံရေးထူထောင်ဖို့ အချိန်ကျပြီ' အစီရင်ခံစာသို့ချေပချက်)

မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် အရက်စက်အကြမ်းကြုတ်ဆုံး စစ်အစိုးရတခုက အုပ်ချုပ်ထားသည်။ ၎င်းအစိုးရသည် ဒီမိုကရေစီကို ချိုးနှိမ်ထားရုံသာမကဘဲ ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်းစာနာရေးအကျပ်အတည်းကို ဖန်တီးပေါ်ပေါက်စေသည့်ပြစ်မှုပါ ကျူးလွန်ထားသည်။ ဤဖြစ်ရပ်ကိုတုံ့ပြန်ရာ၌ အိုင်စီဂျီသည် မူလနောက်ခံဇာတ်ကြောင်းကို မေ့လျော့သွေဖီသွားခဲ့လေသည်။

ယခုနှစ်အစောပိုင်းက နာဂစ်ဆိုင်ကလုံးမုန်တိုင်း မြန်မာပြည်ကို တိုက်ခတ်ခဲ့သည်။ သဘာဝကပ်ဘေးကို တုံ့ပြန်ရာတွင် အခြားမည်သည့်အစိုးရနှင့်မှမတူဘဲ မြန်မာစစ်အုပ်စုသည် နိုင်ငံတကာမှကူညီရေးကြိုးပမ်း
ချက်များကို အစပထမ၌ ငြင်းပယ်ခဲ့သည်၊ ထို့နောက်တွင် အကန့်အသတ်ဖြင့်ခွင့်ပြုခဲ့ပြီး လမ်းလွှဲအလွဲ သုံးစားလုပ်ပစ်ခဲ့သည်။ စစ်အစိုးရသည် အကူအညီများကို ခိုးယူခဲ့သည်။ အကူအညီဖြန့်ဝေပေးရန် ကြိုး စားခဲ့သော မြန်မာပြည်သူများကို ဖမ်းဆီးခဲ့သည်။ တရားဝင်ဖြန့်ဖြူးသည့် အကူအညီအနည်းအကျဉ်းမှာ လည်း ဝါဒဖြန့်ချီရေးအ တွက်သာဖြစ်ပြီး ဓာတ်ပုံ နှင့်ဗွီဒီယိုများ ရိုက်ကူးပြီးပါက ပြန်သိမ်းယူသွားသည်။ စစ်အစိုးရ၏ တမင်တကာ ဥပေက္ခာပြုမှုနောက်ကွယ်တွင် အနည်းဆုံး လူ ၁၄ဝ,ဝဝဝ သေဆုံးပြီး လူနှစ် သန်းခွဲ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

မုန်တိုင်းပြီးသည့်အခါ နောက်ထပ်လူသားချင်းစာနာရေးအကျပ်အတည်းတခု ပေါ်ထွက်လာပြန်ပါသည်။ ယခုတကြိမ်မှာ မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်တွင်ဖြစ်ပြီး သဘာဝအလျောက် နှစ် ၅ဝ တကြိမ် ဝါး သုဉ်းမှုကြောင့် ကြွက်ထရာမှ အငတ်ဘေးဆိုက်ခြင်းဖြစ်သည်။ ထုံးစံအတိုင်း စစ်အစိုးရသည် မျှော်လင့် တွက်ဆထားကြသည့် အငတ်ဘေးအတွက် ဘာတခုမှကြိုတင် ပြင်ဆင်ခြင်းမရှိဘဲ၊ ကူညီကယ်ဆယ် ရေးကြိုးပမ်းချက်များကို အင်တိုက်အားတိုက် ပိတ်ဆို့ဟန့်တားခဲ့သည်။ စစ်အစိုးရတာ ဝန်ရှိသူများက ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကို နေရာလွှဲ ခေါ်ပြခဲ့ပြီး အငတ်ဘေးမရှိကြောင်း ကြေညာစေ ခဲ့သည်။ ထိုနောက်ပိုင်းတွင် ကုလရိက္ခာအဖွဲ့က မိမိတို့ရပ်တည်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့သော်လည်း အငတ်ဘေးဆိုက် ချင်းပြည်သူများအား ကူညီပေးရေးကြိုးပမ်းချက်များကို စစ်အစိုးရက ဆက်လက်ဟန့် တားနေသည်။

မြန်မာစစ်တပ်က နိုင်ငံ့အရှေ့ပိုင်းတွင် တိုင်းရင်းသားလူမျိုးများအပေါ် ထိုးစစ်ဆက်လက်ဆင်နွှဲနေရာ နောက်ထပ်လူသား ချင်းစာနာရေးဘေးဒုက္ခများ ပေါ်ပေါက်နေစေသည်။ ၁၉၉၆ ခုနောက်ပိုင်းတွင် ကျေးရွာပေါင်း ၃၂ဝဝ မက ဖျက်ဆီးခံခဲ့ရပြီး လူတသန်း အိုးအိမ်စွန့်ခွာခဲ့ရသည်။ အရပ်သားများကိုအနီး ကပ် တည့်တည့်ချိန်ပစ်သတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အဓမ္မလုပ်အားပေးခိုင်းခြင်း၊ လူသားမိုင်းရှင်းကရိယာ များအဖြစ် အသုံးပြုခြင်းများ ကျူးလွန်နေသည်။ ကလေးသူငယ်များကို လမ်းပေါ်မှဖမ်းဆီးခေါ်သွားပြီး မြန်မာစစ်တပ်ထဲ အတင်းအကြပ်သွတ်သွင်း စစ်မှုထမ်းခိုင်းနေသည်။ ဗမာ့တပ်မတော်မှာ ကမ္ဘာပေါ်တွင် ကလေးစစ်သားအများဆုံးဖြစ်နေသည်။ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝကျော် အကျဉ်းထောင်များ အတွင်း ပင်ပန်းဆင်းရဲစွာဒုက္ခခံနေရရာ ယခင်နှစ်ကထက် အရေအတွက်နှစ်ဆရှိနေပြီး ကြောက်လန့်တုန် လှုပ်ဖွယ် နှိပ်စက်ညှဉ်းပန်းမှုကိုခံကြရသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင် ဆန်းစုကြည် အကျယ်ချုပ်ကျခံခဲ့ရသည်မှာလည်း ၁၃ နှစ်ပြည့်သွား ပြီဖြစ်သည်။

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ကမူ ဤအရာအားလုံး ကျနော်တို့အပြစ်ဖြစ်သည်ဟု ဆိုနေပါသည်။ ယခု အချိန်မတိုင်မီ အထိ အများလေးစားခံရပြီး ဂုဏ်သိက္ခာရှိခဲ့သော အိုင်စီဂျီအဖွဲ့ကြီးက ထူးဆန်းအံ့ သြဖွယ်အကောင်းဆုံး အစီရင်ခံစာတ စောင်ထုတ်ပြန်လိုက်ရာတွင် စစ်အုပ်စုကို မသိမသာဖြင့် သိမ်မွေ့ စွာကာကွယ်ပေးထားပြီး 'နိုင်ငံရေးတိုက်ပွဲ'ကို အလွန်အကျူးအလေးပေးရကောင်းလားဟု နိုင်ငံတကာ အသိုင်းအဝိုင်းကို အပြစ်ဆိုထားပါသည်။ စစ်အစိုးရသည် 'ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည် ဟု ပြောလာသူတိုင်းကို လုံးဝအဟန့်အတားမရှိခွင့်ပြုဖို့ တွန့်ဆုတ်ခြင်း'ကို နားလည်ပေးနိုင်သည်၊ အ ဘယ့်ကြောင့်ဆိုသော် အနောက်နိုင်ငံများက စစ်အုပ်စုအပေါ် မိမိပြည်သူများကို သတ်ဖြတ်ခြင်းရပ်စဲဖို့ အလွန်အမင်းဖိ အားပေးနေခဲ့ခြင်းကြောင့်ဖြစ်သည်ဟု အိုင်စီဂျီကဆင်ခြေပေးထားသည်။ အိုင်စီဂျီ အဆို အရ အနောက်တိုင်းမီဒီယာများမှာလည်း အပြစ်မကင်းဟုဆိုသည်၊ အကြောင်းမူ စစ်အစိုးရတာဝန်ရှိသူ များ မြစ်ချောင်းထဲပစ်ချထားသည့် အလောင်းကောင် တို့ဓာတ်ပုံများကို ဖော်ပြပေးသောကြောင့် သနားစ ရာ ဗိုလ်ချုပ်များ 'အလွန်တရာ နေရထိုင်ရခက်' ဖြစ်စေခဲ့သည်ဟုဆို၏။

အကျပ်အတည်း၏အကြောင်းရင်းခံမှာ နိုင်ငံရေးဖြစ်သည်ဟု အိုင်စီဂျီက စိတ်မပါလက်မပါနှင့် ဝန်ခံထား သော်လည်း ယင်းအကျိုးဆက်အရ ဖြေရှင်းချက်များမှာလည်း နိုင်ငံရေးပင်ဖြစ်သည် ဟူသောအယူအ ဆကိုမူ အိုင်စီဂျီက ငြင်းဆိုထားပုံရသည်။ အိုင်စီဂျီအစီရင်ခံစာက မြန်မာနိုင်ငံသို့ အကူအညီပိုပေးရေး၊ အရပ်ဖက်လူထုအသင်းအဖွဲ့ စီမံချက်များကို ထောက်ခံအားပေး ရေးတို့ကိုမူ မှန်ကန်သင့်လျော်စွာ တောင်းဆိုထားပြီး မြန်မာပြည်တွင် လူသားချင်းစာနာရေး မဟာအကျပ်အတည်းကြီး ဆိုက်လုနီးနေပြီ ဟု သတိပေးထားသည်။ ဤသည်တို့ကို ကျနော် သဘောတူထောက်ခံပါသည်။ ဖြစ်ရပ်များနှင့် ကိန်းဂ ဏန်းများကလည်း အတိအလင်းပြဆိုနေပြီဖြစ်ပါသည်။ သို့ရာတွင် အိုင်စီဂျီက ဒီမိုကရေစီရေးလှုပ်ရှား တက်ကြွသူများသည် အကူအညီ ပေးရေးကိုဆန့်ကျင်နေသည်ဟူသော မုသားစကားကိုဖြန့်ချိဖို့ လုပ် ဆောင်နေသည်။ အမှန်အားဖြင့်ဆိုရလျှင် အကူအညီပိုပေးရေးကို တောင်းဆိုခဲ့ကြသည်မှာ ကမ်ပိန်းအ ဖွဲ့များပင် ဖြစ်လေသည်။

ဥပမာအားဖြင့် ဗြိတိန်အစိုးရမှ မြန်မာနိုင်ငံသို့ အကူအညီပိုပေးရေးကို ယမန်နှစ်က ဗြိတိန်နိုင်ငံတွင် အောင်မြင်စွာဦးဆောင် လုံးပမ်းခဲ့သူများမှာ ဗြိတိန်နိုင်ငံမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ BCUK နှင့် ကမ္ဘာလုံး ဆိုင်ရာခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့ CSW တို့ဖြစ်သည်။ ယင်းအဖွဲ့များသည် အရပ်ဖက်လူမှု အသင်းအဖွဲ့များနှင့် ဒီမိုကရေစီအဖွဲ့များကို ရန်ပုံငွေပိုပေးရေး၊ နယ်စပ်ကျော်လူသားချင်းစာနာရေးကယ် ဆယ်မှု ပိုမိုပြုလုပ်ရေးနှင့် ကုလသမဂ္ဂမှ ပိုမိုထိတွေ့ဆက်ဆံရေးကို နှစ်ပေါင်းများစွာတောင်း ဆိုခဲ့ကြ သည်၊ တောင်းဆိုနေကြဆဲဖြစ်သည်။ ယင်းအဖွဲ့များသည် ဗိုလ်ချုပ်ကြီးများကို ကုလသမဂ္ဂ၊ ဒီမိုကရေစီ လှုပ်ရှားမှုနှင့် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် အချိန်များစွာအကုန်ခံ တွန်းဆော်ပေးနေခဲ့ ကြသည်။ ယင်းအဖွဲ့များက ဆန့်ကျင်ခဲ့ကြသည်မှာ စစ်အစိုးရအိတ်ထောင်များထဲသို့ ပိုက်ဆံထည့်ပေး ရန် အိုင်စီဂျီ၏တောင်းဆိုမှုကိုသာဖြစ်သည်။ ဤသို့ ဆန့်ကျင်ရခြင်းမှာ စစ်အုပ်စုသည် ၎င်းတို့၏စစ်တပ် တိုးချဲ့ရေး၊ လက်နက်များပိုမိုဝယ်ယူနိုင်ရေးနှင့် ပြည်သူလူထုကို ပိုမိုသတ်ဖြတ် နိုင်ရေးအတွက် အဆိုပါ ဘဏ္ဍာငွေကို အသုံးချလိမ့်မည်ဟူသည့် ရိုးရိုးစင်းစင်းအကြောင်းတရားကြောင့်သာဖြစ်ပါသည်။

ကျနော်တို့ထင်ခဲ့သည်မှာ အိုင်စီဂျီသည် ပဋိပက္ခတားဆီးဖြေရှင်းရေးနှင့် သက်ဆိုင်သည်ဟု ထင်မိခဲ့ သည်။ သို့ရာတွင် ယခုမူ ၎င်းတို့သည် စစ်အစိုးရအားကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်ပုံရနေ ပါသည်။

ဘဲနဒစ်ရောဂျား
(ကမ္ဘာလုံးဆိုင်ရာခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့)
ဂါးဒီးယန်းသတင်းစာ အောက်တိုဘာ ၂၇၊ ၂ဝဝ၈ ခုနှစ်
ဂါမဏိ ဘာသာပြန်သည်။

Monday 15 December 2008

“ကျေးဇူး ဆပ်ခြင်း” ပါတဲ့။


Generation Wave အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာပါ။ ၂၀၀၈ ခုနှစ် မတ်လ ၁၂ရက်နေ့မှာ ကိုဇေယျာသော် အပါအ၀င် အဖွဲ့ဝင် ၅ဦးနဲ့အတူ အဖမ်းဆီးခံခဲ့ရတဲ့ ကိုသီဟ၀င်းတင်ဟာလည်း ထောင်ဒဏ် ၅နှစ် မတရားချမှတ်ခံလိုက်ရပြီး မကြာသေးခင် ရက်ပိုင်းကပဲ ညောင်ဦးထောင်သို့ ပြောင်းရွှေ့ အကျဉ်းချခံလိုက်ရတာဖြစ်ပါတယ်။ ရှေ့ကလမ်းပြချီတက်ခဲ့သူတွေနဲ့ ယခု အကျဉ်းကျနေတဲ့ GW အဖွဲ့ဝင်များရဲ့ကျေးဇူးကို ကျန်တဲ့အဖွဲ့ဝင်တွေကလည်း ကျေပွန်အောင် ပေးဆပ်သွားမှာဖြစ်တဲ့အကြောင်း ကတိသစ္စာပြုအပ်ပါတယ်။

"သူငယ်ချင်းများ ရဲ့အိပ်မက်လှပါစေ"

Sunday 14 December 2008

တိုင်းပြည်ရဲ့ အနာဂတ်သည် ကလေး ကစားစရာ မဟုတ်ပါ

အခု ၂၀၀၈ နှစ်ကုန်ခါနီးပြီဆိုတော့ .. မကြာခင် ကျယ်ကျယ်လောင်လောင် ပြောဆို ဆွေးနွေးလာတော့မယ့် ကိစ္စ တစ်ခုကို ကျွန်တော် သတိထားမိနေတယ်။ အဲဒါကတော့ “၂၀၁၀ ရွေးကောက်ပွဲ” ဆိုတဲ့ ကိစ္စပါပဲ။

ကျွန်တော်တို့ သာမန် ပြည်သူလူထုကတော့ လက်နက်ကိုင် သောင်းကျန်းသူ အကြမ်းဖက်သမား နအဖက ခပ်တည်တည် လူရာသွင်း လုပ်မယ်ဆိုတဲ့ အဲဒီ ရွေးကောက်ပွဲ ဆိုတာကို ပြတ်သားစွာ ကန့်ကွက်ကြောင်း တိကျ ပြတ်သားစွာ ပြောလိုပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားတစ်ခွန်းကို quote ပြန်လုပ်လိုက်ပါတယ်။

အာဏာပိုင်တွေဟာ မိမိတို့ သဘောမကျတဲ့ ရွေးကောက်ပွဲ ရလဒ်ဆိုရင် လစ်လျူရှုလိုက်။
လိုချင်တဲ့ ရလဒ် ဖြစ်လာနိုးနိုး၊ ရွေးကောက်ပွဲ အသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ် ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ် နဲ့ ကစားရာ ရောက်ပါလိမ့်မယ်။
တိုင်းပြည်ရဲ့ အနာဂါတ်ဆိုတာဟာ ကစားရမယ့် အရာ မဟုတ်ပါဘူး။
တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့် အရာသာ ဖြစ်ပါတယ်။
ဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖေါ်ဘဲ တောက်ရေးကောက်ပွဲ အသစ် ကျင်းပရေးကို NLD က လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

(၁၉၉၈ မေလ ၂၈ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော မိန့်ခွန်းမှ)


တပြိုင်နက်ထဲမှာပဲ ကိုကျော်မင်းယု (ကိုဂျင်မီ) ပြောခဲ့တဲ့ စကား တစ်ခွန်းကိုလည်း ထပ်မံ ဖေါ်ပြလိုက်ပါတယ်။

နိုင်တဲ့သူ တရားကြေးဆိုပြီးတော့ ကျည်ဆံနဲ့ သမိုင်း ရေးချင်ကြသလား၊
ဟောဒီ ကျောင်းသား မျိုးဆက်ကုန်မှ အဲဒီ တရားကို မင်းတို့ရမယ်၊
နိုင်တဲ့ သူ တရားကြေးဆိုပြီးတော့ အမြှောက်တွေနဲ့ တရားရေးချင်ကြသလား
ကောင်းကင်ပေါ်က မိုးစက်တွေ ခြောက်ခမ်းမှ အဲဒီ သမိုင်းကို မင်းတို့ရမယ်၊
တရားတဲ့သူသာ နိုင်ကြေး …. ဟေ့ ….။
(ကိုကျော်မင်းယု (ခ) ဂျင်မီ - ၁၉ နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည်)

တရားတဲ့သူသာ နိုင်ကြေးပါပဲ။

သောင်းကျန်းသူ နအဖက ဘယ်လိုပဲ သေနတ်ပြပြီး နိုင်အောင် လုပ်လုပ် ဒီနေရာမှာ တစ်ခုတော့ ပြောလိုက်မယ် .. “မင်းတို့ မတရားတာ လုပ်သ၍ ကမ္ဘာမြေကြီးပေါ်မှာ လူသား ဆိုတဲ့ လူမျိုးနွယ်ကုန်မှ မင်းတို့ အနိုင်ရမယ်ဆိုတာ မှတ်ထားလိုက်ပါ။”

လေးစားစွာဖြင့်
ကိုထိုက်

Thursday 11 December 2008

ပွင့်ပွင့်လင်းလင်း ပြောကြည့်မယ်

ကျွန်တော်တို့ မြန်မာနိုင်ငံကို လက်နက်ကိုင် အကြမ်းဖက် သိမ်းပိုက်ထားသော သောင်းကျန်းသူ လူတစ်စု၏ လက်အောက်မှ လွတ်မြောက်ရန် မြန်မာပြည်ကို ချစ်သော နိုင်ငံသားတိုင်း ညီညီညွတ်ညွတ် ပူးပေါင်း လုပ်ဆောင်ရမည် ဆိုတာကို သဘောတရား တစ်ခုအရ အားလုံး လက်ခံထားပြီး ဖြစ်သည်။

ထင်ရှားသော ခေါင်းဆောင်များ၏ မိန့်ခွန်းများ၊ လူထု လေးစားကြည်ညိုရသော ပုဂ္ဂိုလ်များ၏ အမှာစကားများ၊ အဖွဲ့အစည်းများ၏ အခမ်းအနားများတွင် ကျင်းပပြောဆိုသော စကားလုံးများတွင်လည်း အဆိုပါ ညီညီညွတ်ညွတ်နဲ့ အားလုံး အတူတကွ လုပ်ဆောင်ပြီး သောင်းကျန်းသူများကို တိုက်ထုတ်ရန် ပြောဆိုနေကြသည်မှာလည်း အကြိမ်ကြိမ်ဖြစ်ပါသည်။

ထို့အပြင် အင်တာနက် စာမျက်နှာများ၊ ဆောင်းပါးများ ဆွေးနွေးဝိုင်းများလည်း စည်းလုံး ညီညွတ်ရေးဆိုသော စကားလုံးမှာ အရေးပါ အရာရောက်သော ခေါင်းစဉ် အဖြစ် ဆွေးနွေးကြသည်ကို တွေ့ရပါသည်။

သို့သော် ဒီနေ့ အချိန်အထိ ထိထိရောက်ရောက်ဖြင့် မည်သို့ မည်ပုံ ညီညွတ်ရေး တည်ဆောက်မည်ဆိုသော အလုပ်သဘောဆန်သည့် လမ်းစဉ်မျိုးကိုကား ကျွန်တော် သတိထားမိသလောက် မတွေ့ရှိသေးပါ။

ကျွန်တော် တွေးမြင်ကြည့်သလောက် ပွင့်ပွင့်လင်းလင်း ပြောရမည် ဆိုလျှင် ညီညွတ်ရေးရှိသင့်တယ် ဆိုတာကို အခြေခံသဘောအရ အားလုံး လက်ခံထားပြီးဖြစ်ပါသည်။ ထိုကြောင့် ညီညွတ်ရေး လိုအပ်တယ်၊ လုပ်ရမယ် ဆိုတာကို ပြောဆိုနေကြသော အချိန်ကို ကျော်လွန်ပြီး .. ကျွန်တော်တို့ ဘယ်လို ညီညီညွတ်ညွတ် လုပ်သင့်သလဲ၊ လုပ်နိုင်သလဲ ဆိုတာတွေကို အရေးထား စောင်းပေး ဆွေးနွေးကာ တကယ် လက်တွေ့ဆန်သော လုပ်ဆောင်နိုင်သည့် ညီညွတ်ရေးကို ဖေါ်ဆောင်ရန် အချိန်တန်ပြီလို့ ထင်ပါသည်။

ဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေမှ မဟုတ်ပါဘူး .. “လူ” .. ဆိုတဲ့ လူသားတိုင်း အတ္တ၊ မာန၊ လောဘ ဆိုတာတွေရှိတာကြောင့် တပုံစံတည်း ညီညွတ်နိုင်ဖို့က ခဲယဉ်းပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သာမန် မြင်နေသော စကားလုံးတွေကို သေချာ အဓိပ္ပါယ်ဖွင့်ဆို ရှင်းလင်းဖို့ လိုလာပြီထင်ပါတယ်။

(နောက်ထပ် အဆင့် တစ်ခုသို့ ရောက်ရန် ဒီနေရာမှာ ညီညွတ်ရေး ပြုလုပ်ရန် လိုအပ်ပြီလား ဆိုသော မေးခွန်းကို အားလုံး ဖြေပြီး အားလုံး၏ စိတ်ထဲတွင် ညီညွတ်ရန်လိုအပ်သည် နောက်တစ်ကြိမ် ညီညီညွတ်ညွတ် လုပ်ဆောင်ကြပါဆိုသော တိုက်တွန်းစကားမျိုး ပြောကြားရန် မလိုအပ်သော လက်ခံခြင်းမျိုးအထိ လက်ခံထားရန် လိုအပ်ပါသည်။)

၁။ ညီညွတ်ရေးနှင့် ပုံစံတူ ပြုလုပ်ရေး ကွဲပြားချက်

ပုံစံတူ ပြုလုပ်ရေးနှင့် ညီညွတ်ရေး ဆိုတာကို ရောထွေးနားလည်တတ်ကြတာကို ညီညွတ်ရေး တည်ဆောက်မှု စကားဝိုင်းတိုင်းမှာ တွေ့ရတတ်ပါတယ်။

ညီညွတ်ရေးအတွက် ပြောဆို ဆွေးနွေးကြတိုင်း ပုံစံတူ ပြုလုပ်ရေးဆိုသည့်ဘက်ကို ရောက်ရှိသွားတတ်ကြပြီး အတ္တ မာန တွေနှင့် .. လိုအပ်သော ညီညွတ်ရေး မရပဲ မလိုအပ်သော အမုန်းတရားတချို့ မမြင်ကွယ်ရာမှာ ကြီးထွားလာတတ်ကြတာကို တွေ့ရပါတယ်။

ပုံစံတူ ပြုလုပ်ရေး ဆိုသည်မှာ စက်ရုံ တစ်ရုံမှ “ကား” မော်ဒယ်တစ်ခုကို အမြောက်အများ ထုတ်လုပ်သလို ပုံစံတူ ကွဲပြားခြားနားမှုမရှိသည့် ထုတ်လုပ်ရေး လုပ်ငန်းဖြစ်ပြီး၊
ညီညွတ်ရေး ဆိုသည်မှာ ကားတစ်စီးဖြစ်မြောက်ရန် ပုံစံ မတူသော အစိပ်အပိုင်းများ အတူတကွ တွဲစပ်တည်ဆောက်ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် သောင်းကျန်သူ နအဖအား တိုက်ထုတ်ရေးဆိုသည်မှာ ကားတစ်စီးကို တည်ဆောက်ရန်သာဖြစ်ပြီး၊ ကားအမြောက်အများကို ပုံစံတူ ထုတ်လုပ်ရန်မဟုတ်ပါ။

ပုံစံတူပြုလုပ်ခြင်းမှာ ၁၉၈၈ ကာလက မြန်မာ့မြေပေါ်မှ မောင်းထုတ်လိုက်သော မဆလ ဆိုရှယ်လစ် စနစ်ဖြစ်ပြီး၊ ညီညွတ်ရေး ဆိုသည်မှာ ဒီမိုကရေစီ စနစ်ဖြစ်သည်။

အဖွဲ့အစည်းတွေမြောက်များစွာရှိလည်း ကိစ္စ မရှိပါ၊ မတူညီသော အမြင်တွေ ရှိလည်း ကိစ္စ မရှိပါ။ မတူကွဲပြားခြားနားနေခြင်းသည်ပင် “အား” တစ်ရပ်ဖြစ်နေပါသည်။ ထိုသို့ မတူ ကွဲပြားခြားနားနေသော အင်အားစုများကို တစ်စု တစည်းတည်း ပုံစံတူ ပြုလုပ်ရေးထက် အတူတူ ပူးပေါင်းလုပ်ကိုင်နိုင်သော ညီညွတ်ရေးတစ်ခု တည်ဆောက်ရန်သာ လိုအပ်ပါသည်။


၂။ အာဏာရှင် စနစ် နှင့် ခေါင်းဆောင် စနစ်

အာဏာရှင်နှင့် ခေါင်းဆောင် ဆိုသော စကားလုံးကိုလည်းရောထွေး တတ်ကြပါသည်။

အားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်သည့်အခါ ဦးဆောင်မှုပေးသော ခေါင်းဆောင်ကို ရွေးချယ်ကြရသည့်အခါ အာဏာရှင်ဆိုသော အမြင်နှင့် ခေါင်းဆောင် ဆိုသော အမြင်ကို ခွဲခြားမြင်တတ်ရန် အရေးကြီးပါသည်။

အာဏာရှင် စနစ် ဆိုသည်မှာ ထိပ်ဆုံးမှ လူပုဂ္ဂိုလ်၏ စိတ်တိုင်းကျ လုပ်ဆောင်ရသော စနစ်ဖြစ်ပြီး၊ ခေါင်းဆောင် စနစ် ဆိုသည်မှာ တိကျသော မူဝါဒကို တာဝန်ယူ ဖေါ်ဆောင်ပေးရသော စနစ်ဖြစ်သည်။

ထိုအခါ အတူတူ ပူးပေါင်း လုပ်ကြမည်ဟု ဆိုလျှင် အရင်ဆုံး မြင်လိုက်သည့် အချက်မှာ ဘယ်သူက ပူးပေါင်းမှုမှာ ခေါင်းဆောင်မှာလဲ(အာဏာရှင် လုပ်မှာလဲ) ဆိုတာကို အရင် ကြည့်တတ်ပြီး၊ ... တကယ့် အရေးပါသော မူဝါဒတစ်ခုကို ဘယ်လိုဖေါ်ဆောင်မလဲ၊ ဘယ်လို မူဝါဒတွေကို ငါတို့ ချမှတ်မလဲ၊ ခေါင်းဆောင်၏ လုပ်ပိုင်ခွင့်တွေကို ဘယ်လို ကန့်သတ်မလဲဆိုသော တွေးခေါ် ပြောဆိုမှုအားနည်းနေသည်ကို တွေ့ရပါသည်။

လူပုဂ္ဂိုလ် အာဏာရှင်ကို ဦးတည်စဉ်းစားသော အာဏာရှင် ပုံစံကို မြင်မိသောအခါ ထိုလူပုဂ္ဂိုလ်၏ ကိုယ်ရေးကိုယ်တာ အားနည်းချက်များကိုပါ ထည့်သွင်းပြောဆို အပြစ်မြင်တတ်လာကာ ဘေးတွင် မကျေမနပ်ပြောဆိုသော လူ့အဖွဲ့အစည်း တရပ် ဖြစ်ပေါ်လာတတ်ပါသည်။ (ထိုသို့ ပုဂ္ဂိုလ်ရေး ပြောဆို တိုက်ခိုက်နေမှုများကို ယနေ့အထိ မြင်တွေ့နေရသည်မှာ စိတ်မချမ်းမြေ့ဖွယ် တစ်ခု ဖြစ်ပြီး၊ သောင်းကျန်းသူ နအဖ စိတ်ကြိုက် ဖြစ်နေပါသည်။)

အကယ်၍ မူဝါဒကိုသာ ဖေါ်ဆောင်သော ခေါင်းဆောင်မှု စနစ်ဖြင့် သွားမည်ဆိုလျှင် ညီညွတ်စွာ အတူတူ လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

ဆက်ရန်

လေးစားစွာဖြင့်
ကိုထိုက်

အားလုံး တူညီသော မူဝါဒ ချမှတ်နိုင်ခြင်း မရှိသေးခင်၊ ခေါင်းဆောင် ရွေးချယ်နိုင်ခြင်း မရှိသေးခင် လုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်နှင့် စကားလုံးများကို ထပ်မံရေးပါဦးမည်။

(မှတ်ချက် ။ ကျွန်တော်၏ အတွေးအခေါ်နှင့် မြင်တာ ရေးသားခြင်း ဖြစ်ပါသည်။ လိုအပ်ချက်၊ အားနည်းချက်၊ ဆွေးနွေးရန် အချက်များရှိပါက မေးလ်သို့လည်းကောင်း၊ comment တွင်လည်းကောင်း ဆွေးနွေးဝေဖန်နိုင်ပါသည်။)

၂၁ ရာစု ခေတ်မီ ဖွံ့ဖြိုးတိုးတတ်သော မြန်မာနိုင်ငံတော်ကြီး

နအဖ အဖွဲ့ဝင် လူကြီးများ၏ မအိပ် မနေ နေ့မအား၊ ညမအား တိုင်းပြည်တာဝန် ထမ်းဆောင်နေခြင်း၏ အကျိုးကျေးဇူးရလဒ်ကား အံ့သြကုန်နိုင်ဖွယ် မျက်မြင် တွေ့မြင်နိုင်ကြရန် အလို့ငှာ ရန်ကုန် ရွှေမြို့တော်ကြီး လျှပ်စစ်မီး ဖြန့်ဖြူးရေး အချိန်ဇယား တစ်ခုကို ပြန်လည် ဝေငှ လိုက်ခြင်းဖြစ်ပါသည်။ (မှတ်ချက် ... မီးရမည်ဟု ပြောသည့် အချိန်တွင်လည်း သဘာဝ လမင်း၏ အရသာကို ပြည်သူလူထု အပြည့်အဝ ခံစားစေရန် ရည်မှန်းချက်ထား၍ ဖြတ်တောက်ခြင်းများလည်း မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရှိသလောက် ပြန်လည် ဖေါ်ပြလိုက်ပါသည်။)

၂၁ ရာစုရဲ့ ခေတ်မှီ ဖွံ့ဖြိုးတိုးတတ်သော စည်းကမ်းကျနသည့် မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေဆီ နိုင်ငံတော်သစ်ကြီးဆီသို့ ချီတတ်ရန် ရန်ကုန်မြို့သို့ လျှပ်စစ်မီးပေးချိန် ဇယား၊

Tuesday 9 December 2008

ဘေးချင်း ကပ်လျှက်ပါပဲ .. ဒါပေမယ့်

ဆမက်၊ စွန်ချိုင်း ဆိုတဲ့ “ထိုင်း”နာမည်တွေကို ကြားမိတိုင်း တန်းခနဲ ပြေးပြီး မြင်ယောင်မိတာကတော့ လက်နက်ကိုင် အကြမ်းဖက်သမား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဗိုလ်ရွှေမန်း ကိုပါပဲ။ (ဗိုလ် .. ဆိုတာ“ဗ” “လ” ဆိုတဲ့ စာလုံး ၂ လုံးနဲ့ ဆိုတော့ ပါဋိလို “ဗာလ” မြန်မာလို “လူမိုက်” လို့ အဓိပ္ပါယ် ထွက်တယ်လို့ စာတစ်ပုဒ်မှာ တွေ့ဖူးတာကြောင့် သုံးပါသည်။)

ဗိုလ်ရွှေမန်းရဲ့ သမိုင်းဝင် ကြီးကြီးကျယ်ကျယ် စကားလုံး တစ်ခုကတော့ (မရိုသေ့ စကား .. ဟိုဒင်း ပါးစပ်က နတ်စကား ထွက်တယ်ဆိုတဲ့ ဗမာ စကားပုံလည်း သတိရမိသေးရဲ့။) “ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဘူး” တဲ့။

လက်တွေ့မှာ ဥပဒေအထက် ဘယ်သူမှ မရှိစေရတာကတော့ ထိုင်းနိုင်ငံက ထိုင်း ပြည်သူလူထုတွေ ခံစားနေရတာပါပဲ။ ထိုင်းတပ်မတော်ဟာလည်း ဂုဏ်သရေရှိတဲ့ တပ်မတော် အဖြစ် ကမ္ဘာသမိုင်းမှာ မှတ်တမ်းဝင်သွားစေတာကိုလည်း တွေ့ရပါတယ်။ အားလုံး သိပြီး ဖြစ်တဲ့အတိုင်း ထိုင်းမှာ ဝန်ကြီးချုပ် တပ်ဆင် ကို ဖြုတ်ချပြီး အာဏာ သိမ်းလိုက်တဲ့ ထိုင်း တပ်မတော်ဟာ ပေးထားတဲ့ ကတိစကား၊ သတ်မှတ်တဲ့ အချိန်ကာလ အတွင်းမှာပဲ ပြည်သူ့အာဏာကို ပြည်သူတွေ လက်ထဲ ပြန်အပ်လိုက်ပါတယ်။

မြန်မာပြည်ရဲ့ ယောက်ကျားရင့်မာ သေနတ်ကြီး တကားကားနဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတစ်စုရဲ့ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင် ကတိစကားကတော့ တန်ဖိုး မရှိတဲ့ လမ်းဘေးက လူလိမ်ကတိစကားထက် ဘာမှ မပိုပါဘူး။

မြန်မာပြည်မှာ လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ road map ဆိုတာကြီးက ဘယ်က ဘယ်လို ပေါ်လာတာလဲ မသိ။ ထိုင်းနိုင်ငံမှာ အာဏာသိမ်း ထိုင်းတပ်မတော်ရဲ့ ရွေးကောက်ပွဲ အပြီး road map မရှိပါဘူး။ ၁၈ နှစ် ဆိုတဲ့ အချိန်က လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ တန်ဖိုးကို ထင်းထင်းကြီး ပြထားတာပါပဲ။

ထိုင်းမှာ အာဏာပြန်အပ်ပြီးချိန်မှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပြီး အာဏာရ ပါတီရဲ့ အုပ်ချုပ်မှုကို မကြိုက်တဲ့ ပြည်သူလူထုကို People's Alliance for Democracy (PAD) ဆိုတဲ့ ပါတီက ဦးဆောင်ဆန္ဒပြပြီး ဝန်ကြီးရုံး အဆောက်အဦး “လ” ချီ ပြီး လူထုအားနဲ့ ပိတ်ထားလိုက်ပါတယ်။ (သူတို့ တိုင်းပြည်ရဲ့ အချက်အလက်တွေအရ အာဏာရ ပါတီကို မကြိုက်ရတဲ့ အချက်တွေကို ကျွန်တော်တို့နဲ့ တိုက်ရိုက်ပက်သက်မှု မရှိတာကြောင့် အရှည်မရေးတော့ပါ။) နောက်ဆုံးမှာ ဆမက် ဝန်ကြီးချုပ် အဖြစ်ကနေ ထွက်ပေးဖို့ ထိုင်းတရားရုံးက ဥပဒေနဲ့ အညီ အမိန့်ချပါတယ်။ ဆမက် ရာထူးက ထွက်ရပါတယ်။

မြန်မာပြည်မှာ ဝန်ကြီးချုပ်ရုံးကို လူထုအားနဲ့ “လ” ချီကြာအောင် ပိတ်ထားဖို့ မပြောနဲ့ စည်းကမ်းရှိရှိ ၉ ရက် မေတ္တာပို့တဲ့ သံဃာတော်တွေကိုတောင် လက်နက်ကိုင် အကြမ်းဖက်သမား ဗိုလ်ရွှေမန်းရဲ့ လက်နက်ကိုင် တပ်ရင်း ဖြစ်တဲ့ “၆၆” က ရိုရိုသေသေ သေနတ် ကျည်ဆံလေးတွေနဲ့ ဆွမ်းလောင်းလှူပါတယ်။ သေနတ်ဒင်လေးတွေနဲ့ ကန်တော့ပန်း ဆင်ပါတယ်။ မူးပြီးရမ်းကားနေတဲ့ ကြံဖွတ်၊ စွမ်းအားရှင် လူတစ်စုက ဖရုဿဝါစာဆိုတဲ့ ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ရွတ်ဖတ်ပူဇော်ပြီး ဝါးရင်းတုတ် ကတော့ခန်းနဲ့ အရိုအသေ ပေးကြပါတယ်။

ဆမက် ရာထူးကထွက်အပြီး နောက်ထပ် ဝန်ကြီးချုပ်ဖြစ်လာတဲ့ တပ်ဆင်ရဲ့ ယောက်ဖတော်ကိုလည်း ပြည်သူက မကြိုက်တော့ လေယဉ်ကွင်း နှစ်ကွင်းကို ပိတ်ပြီး ဆန္ဒပြ တောင်းဆိုပြန်ပါတယ်။ နောက်ဆုံးမှာ ထိုင်း တရားရုံးက ဥပဒေနဲ့ အညီ ဝန်ကြီးချုပ်ကို ရာထူးက ထွက်ပေးဖို့ အမိန့်ချပြန်ပါတယ်။ ဝန်ကြီးချုပ် ထွက်ပေးရပြန်ပါတယ်။

မြန်မာပြည်မှာတော့ လေယဉ်ကွင်း ပိတ်ဖို့ မပြောနဲ့၊ ကုန်ဈေးနှုံးကြီးနေတာကို ချပေးဖို့ တောင်းဆိုတဲ့ ကိုထင်ကျော်လို သူရဲကောင်းတွေ၊ ၈၈ မျိုးဆက် သူရဲကောင်း အာဇာနည်တွေကို မတရား ဥပဒေနဲ့ အညီ မတရားသူကြီးတွေက မတရားတဲ့ ထောင်ဒဏ်တွေကို လူထုမျက်ကွယ်မှာ အမိန့်ချပြီး နယ်ထောင်တွေကို ပို့ပစ်ပါတယ်။ ဘေးချင်းကပ် ၂ နိုင်ငံ ဖြစ်ရပ် ၂ ခု ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို တွေ့ရပါမှာပါ။

ကမ္ဘာက လေးစားရတဲ့ တရားဥပဒေ စနစ်၊ ကမ္ဘာက လေးစားရတဲ့ ဂုဏ်သိက္ခာရှိ တပ်မတော်ဆိုတာကို ထိုင်း နိုင်ငံနဲ့ လူမျိုးတွေက ဂုဏ်ယူဖွယ်ရာ ဝင့်ကြွားနေရချိန်မှာ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင် သခင်အောင်ဆန်း တည်ထောင်လာခဲ့တဲ့ မြန်မာ့ တပ်မတော်ဟာ လက်နက်ကိုင် အကြမ်းဖက်သမား အဆင့်သာ ဖြစ်လာတာမို့၊ အခုလို လုပ်ချင်ရာ လုပ်ရင် တိုင်းပြည်ဟာ ဖာ နိုင်ငံတော် ဖြစ်မယ်လို့ သခင်အောင်ဆန်းရဲ့ စကားကို ပြန်ကြားရောင်မိတဲ့အခါ .. လက်ရှိမှာ တိုင်းပြည်ဟာ “ဖာ” နိုင်ငံတော် မဖြစ်ခင် တပ်မတော်ကြီးဟာ “ဖာ” တပ်မတော် ဖြစ်သွားပါပြီ ဆိုတာကို ဝမ်းနည်းစွာနဲ့ပဲ မှတ်ချမိလိုက်ပါတော့တယ်။

ဘေးချင်း ကပ်လျှက်ပါပဲ။ ဒါပေမယ့် ...

လေးစားစွာဖြင့်
ကိုထိုက်

Sunday 7 December 2008

မြန်မာသံရုံးသို့တစ်ခေါက်



(၂၀၀၈ ခုနှစ် မေလအတွင်းက လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ စစ်အုပ်စုမှ အဓမ္မ ဆန္ဒခံယူပွဲ ပြုလုပ်စဉ် စင်္ကာပူရောက် မြန်မာများ၏ ကမ္ဘာသိ ထုတ်ဖေါ်ခဲ့သော ဆန့်ကျင်သည့် လှုပ်ရှားမှု မြင်ကွင်းတစ်ခု)


ထိုနေ့ကတော့ မှတ်မှတ်ရရ နေ့တစ်နေ့ပေါ့။ နိုင်ငံရပ်ခြားမှာ မိသားစုနဲ့ခွဲ သူများခိုင်းသမျှ ကျွဲလိုနွားလိုရုံးကန် ပြီး ရသမျှထဲက ၁၀% ကို အခွန်ရုံးလုံ့ခေါ်ကြတဲ့ စင်္ကာပူနိုင်ဆိုင်ရာ မြန်မာသံရုံးကို ပေးဆောင်ဖို့အတွက် orchard ကို မနက်စောစော ထွက်လာခဲ့တယ်။ ရောက်ရောက်ချင်း သံရုံးဝမှာ ကိုယ့်လိုပဲ မပျော်ရွင်တဲ့ မျက်နာတွေ ကိုယ်စီနဲ့ ရောက်နှင့်နေတဲ့သူတွေ ဟိုတစ်စုဒီတစ်စု ထိုင်ရင်း ရုံးဖွင့်ချိန်ကို စောင့်နေကြတယ်။

ရောက်ရောက်ခြင်းပဲ သံရုံးခြံစည်းရိုး ပေါ်မှာတင်ထားတဲ့ A4 (ရေစိုနေပြီဖြစ်တဲ့) စာရွက်ပေါ်မှာ ကိုယ့်အမည်ကို ရေးဖို့ ကျောင်းသားတစ်စုရဲ့နောက်မှာ ရပ်စောင့်နေခဲ့တယ်။ သူတို့လေးတွေပြောနေကြတဲ့ စကားတွေကို နားမထောင်းပဲ အတိုင်းသားကြားနေရတယ်။ သူတို့တတွေပြောနေတာက သူတို့ရဲ့ သူငယ်ချင်း ၃ ယောက်နိုင်ငံသား ပြောင်းသွားတဲ့ကြောင်းပါ။ ဒါနဲ့ပဲ သူတို့ကို မေးစမ်းကြည့်တော့ နိုင်ငံသားပြောင်းရတဲ့ ကြောင်းပြချက်က သံရုံးနဲ့ မဆက်ဆံချင်လို့တဲ့လေ။ သြော် နိုင်ငံခြားရောက်မြန်မာ တစ်ယောက်ဟာ အနည်ဆုံး သုံးနှစ်မှာ သံရုံးကိုတစ် ခေါက်တော့မဖြစ်မနေလာရတာ ပဲလေ။ စိတ်ထဲက တွေးနေမိတာက သြော် ဒို့နိုင်ငံ အနာဂတ် လေးတွေဆုံးရှုံး နေရတယ်ပေါ့။ ဒီလိုနဲ့ ၉ နာရီထိုးလို့ သံရှုံးဖွင့်တဲ့အခါ အထဲကိုဝင်ပြီး ထိုင်စောင့်ဖို့နေရာရှာကာ ကိုယ်အလှည့်ရောက်ဖို့စောင့် ရတာပေါ့။ သာမန်အိမ်တစ်အိမ်ရဲ့ living room တစ်ခုစာကို ဗီဇာ ဌာန (visa session) နဲ့ ကောင်စစ်ဌာန ဆိုပြီး နှစ်ပိုင်း ပိုင်းထားတဲ့ အခန်းသေးသေးလေးထဲ မှာ လူ သုံး လေး ဆယ်လောက်နဲ့ ပြည့်ညှပ်နေတယ်။ အပြင်မှာလဲ သုံးလေးဆယ်လောက်က ဟိုထိုင်ဒီထိုင်ပေါ့။

ဒီလိုနဲ့ 9:30 လောက်ကစလို့ ၁၅ မိနစ်ကို လူ ၅ ယောက်နှုံးလောက်နဲ့ ခေါ်ပြီး အခွန်ဆောင်ဖို့လျောက်လွှာ လက်ခံတယ်။ အဲခုနကပြောတဲ့ ကျောင်းသားလေးတွေက ဟိုဟိုဒီဒီလိုက်မေးနေတယ် ကျောင်း သားဖြစ်ကျောင်း ထောက်ခံစာ ဘယ်မှာတန်းစီရမလဲပေါ့။ ဒါနဲ့ စပ်စုတတ်တဲ့ကျွန်တော်လဲ မေးကြည့်လိုက်တယ် ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာကို ကျောင်းကမတောင်းပဲ ဘာလို့ သံရူံးကတောင်းသလဲပေါ့။ ဒါနဲ့ကျောင်းသား တစ်ယောက်ကပြန်ဖြေတယ် ရန်ကုန်လေဆိပ်က လူဝန်းမှုကြီးကြပ်ရေးက သံရုံးက ထောက်ခံစာကို ပဲ အသိအမှက်ပြုသတဲ့။ ဒါနဲ့ ကျွန်တော်မေးလိုက်တယ် ညီလေးတို့က ဘယ်ကျောင်းကလဲပေါ့။ Nanyang Technological University (NTU) ကပါတဲ့။ ကျွန်တော်လဲ တော်တော် အံသြသွားတယ် NTU လို world recognize ဖြစ်တဲ့ကျောင်းမျိုးက စာကို ရန်ကုန်လေဆိပ်က လူဝန်းမှုကြီးကြပ်ရေးက ဘာကြောင့် recognize မဖြစ်သလဲ လို့ပေါ့။ ဒီလိုနဲ့ ၁၀ နာရီလောက်မှာ အသက်ခပ်ငယ်ငယ် ၃၀ ၀န်းကျင် သံရုံးဝန်ထမ်း တစ်ယောက် စာအုပ်တစ်အုပ် ကိုင်လာပြီး ကျောင်းသားတွေကို အမည်ရေးခိုင်းတယ်။ ပြီးတော့ ထိုသူ နာရီဝက်လောက်ပျောက်သွားပြန်တယ်။ ၁၀နာရီခွဲလောက်ကြတော့ ခုနကလူငယ် ပြန်ထွက်လာပြီး လျှောက်လွှာတွေကို လက်ခံရင်း passport တွေကို စစ်နေတယ်။ ထိုသူငယ်ရဲ့မျက်နှာဟာ လုံးဝကိုတင်းမာနေပြီး စကားပြောရာမှာလဲ တော်တော့်ကို ရိုင်းစိုင်း တာကို တွေ့နေရတယ်။ သူအမြဲပြောနေတဲ့ စကားတစ်ခွန်းက “ မင်းတို့ကို ငါက စေတနာနဲ့ လုပ်ပေးနေတာ သိပ်ပြီးစောတက မတတ်နဲ့” တဲ့လေ . ကျောင်းသားတစ်ယောက်က ဘယ်အချိန်ရမလဲ ၁၂ နာရီခွဲလောက်ရမလား ဆိုတော့ “ မင်းတို့ကို ငါက စေတနာနဲ့ လုပ်ပေးနေတာ သိပ်ပြီးစောတက မတတ်နဲ့” ဆိုတဲ့စကားပြန်ပဲရတယ်. ဒီနေရာမှာ စဉ်းစားမိတာက သူတို့တွေဟာ (သံရုံး ၀န်ထမ်း) သံရုံးကို အပျော်ခရီးထွက်လာပြီး သံရုံး တာဝန်တွေကို စေတနာနဲ့ လုပ်ပေးနေသလား ပေါ့။ သူတို့မှာ မြန်မာနိုင်ငံသားတွေနဲ့ပက်သက်ပြီး ဘာတာဝန်မှ မရှိဘူး ဆိုတဲ့သဘောလားတော့ မသိဘူး။

အဲဒီအချိန်မှာပဲ ကျောင်းသူလေးတစ်ယောက် passport နဲ့ စာရွက်တွေကို လုံးချေပြီး မျက်ရည်စတွေနဲ့ ပြေးထွက်လာတယ် သူ့သူငယ်ချင်း နှစ်ယောက်လောက်က နောက်က ပြေးလိုက်သွားတယ် အသက်၂၀ ကျော်အရွယ် ကောင်လေးတစ်ယောက် က အမျက်ဒေါသတွေနဲ့ ကောင်တာက သံရုံးဝန်ထမ်းကို ကြည့်နေ လေရဲ့။ ဒါနဲ့ကျနော်လဲ မနေသာတော့ပဲ ကောင်လေးကို သံရုံး အပြင်ကို ခေါ်ပြီး ဘာဖြစ်လဲ မေးတာပေါ့။ ဖြစ်ပုံက သူ့သူငယ်ချင်း ကောင်မလေးက ၂၀၀၇ တုံးက အလုပ် လပိုင်း လုပ်ဖူးတယ် တဲ့။ အခွန်လဲဆောင်ပြီးသားပါ ဒါပေမဲ့ အပြေစာက သူနေတဲ့အဆောင်မှာ ကျန်ခဲ့တယ်တဲ့လေ။ အခွန်ဆောင်ပြီး ရန်ကုန်ကို တစ်ခေါက် ပြန် ထားပြီးသားပါ။ ဒါကို အဲဒီကောင်လေးက သူ့သူငယ်ချင်း အတွက် ကူ ပြောပေး တာပေါ့။ passport ထဲမှာ ပြန်ထားတဲ့ တဆိပ်တုံးရှိတယ် ပေါ့ ဆိုပြီးတော့။ အဲဒါကို ၀န်ထမ်း ကိုယ်တော်ချောက ဘေးလူဝင်ပြောရမလားဆို ပြီး မလုပ်ပေးပဲ passport ကို ပြန်ပေးလိုက်သတဲ့။ ကျွန်တော်က ကျောင်းသားလေးကို မေး ကြည်မိတယ် သူတို့ ရဲ့ computer ထဲ မှတ်တမ်းကို ပြန်ကြည့် ပေးလို့မရဘူးလားပေါ့။ အဲ…. ကျောင်းသားလေးပြန်ပြောတာ က ဒီရုံးမှာ computer မပြောနဲ့ လက်နိပ်စက်လေးတစ်လုံးတောင်များ တွေမိလို့လားတဲ့လေ။ အဲဒီကျောင်းသားလေး မသွားခင် နောက်ဆုံးပြောသွားတဲ့ စကာတစ်ခွန်း က အခုအချိန်ထိ ကျွန်တော့ရင်ထဲ ကျန်နေခဲ့တယ် “ ဒါကြောင့် ကျွန်တော့ သူငယ်ချင်းတွေ နိုင်ငံသားပြောင်းကြတာ နောက်ထပ် ပြောင်း မဲ့သူတွေလဲ အများကြီး တဲ့လေ”။ လူတွေ အားလုံးသိထားတဲ့အတိုင်း အခုခေတ် စင်ကာပူက NTU, NUS ဆိုတာ မြန်မာပြည်ကထူးချွန် ထက်မြက်တဲ့ လူငယ်လေး ပညာဆီပူးရာ university တွေပဲလေ။ သူတို့တွေဟာနိုင်ငံရဲ့ အနာဂတ်းတွေဆိုရင်လဲ မှားပါဘူး။ သူတို့လေးတွေကို ကိုယ်နိုင်ငံအတွက် အဆုံးအရှုံမခံသင့်ဘူးလို့ ကျွန်တော်ကတော့ယူဆမိပါတယ်။

သံရုံးကပေးတဲ အခွန်ပြေစာကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဒီလိုကျောင်းမျိုးမှာ ပညာသင်ကြားနေတဲ့ ကျောင်းသာလေး တွေ ဆုံးရုံးနေရတာဟာ ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ်တွေ ဆုံးရှုံးနေ ရတာပဲဆိုတာတွေးရင်း အိပ်ပြန်ရောက်တဲ့အထိ ကျွန်တော့ရင်ထဲမှာ နာကျင်ကြေကွဲနေ ခဲ့ရပါတယ်။

သားကြီး(စင်္ကာပူ)

Friday 5 December 2008

Thursday 4 December 2008

SPDC's divide and rule policy

နအဖ သွေးခွဲ အုပ်ချုပ်ရေး ဘောလုံးပွဲ ပိုစတာ

စစ်အစိုးရ၏ သွေးခွဲ အုပ်ချုပ်ရေး တရားဝင် ပေါ်လွင်စွာ ပြန်လည် စတင်ခြင်းလား
(တောင်ပိုင်း ရခိုင်ပြည်နယ် ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပခြင်း)

သတင်း၊ ဓာတ်ပုံ- ရန်နိုင်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ မြို့မ အားကစားကွင်း တွင် (၂၀၀၈ ခုနှစ် ပယက (ပအဖ) ဥက္ကဌ ဖလား ရခိုင်ပြည်နယ်တောင်ပိုင်း မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ)ဲ ဟု အမည်ပေးထားသော ဘောလုံးပွဲ တစ်ခုကို နိုဝင်ဘာာ ၂၉ ရက်မှ ဒီဇင်ဘာ ၇ ရက်နေ့အထိ ကျင်းပ လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ပြိုင်ပွဲသို့ ရခိုင်ပြည်နယ် တောင်ပိုင်း မြို့နယ် များ ဖြစ်ကြသည့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွ မြို့နယ်များ မှ ဘောလုံး အသင်းများ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ယခု ပြိုင်ပွဲကို ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပအဖ) မှ ပြည်နယ် အဆင့် ကျင်းပခြင်း ဖြစ်သည်။ ထိုသို့ ကျင်းပရာတွင် တောင်ပိုင်း ဖလား ဟု တရားဝင် အမည် ပေးထားခြင်းမှာ စဉ်းစား ဖွယ် အချက်တစ်ခု ဖြစ်နေပါသည်။ နအဖ စစ်အစိုးရ အနေဖြင့် ကိုလိုနီ နယ်ချဲ့ အင်္ဂလိပ်အစိုးရ နည်းတူ သွေးခွဲ ကျင့်သုံးရေး စနစ်ကို ကျင့်သုံးလာခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း၊ ရခိုင်ပြည်နယ်အား တောင်ပိုင်း၊ မြောက်ပိုင်း ဟု ယခင်က တရားဝင် သုံးစွဲခြင်း မရှိခဲ့ဖူးပေ။ ဤသို့ခေါ် ဝေါ်သုံးစွဲ ခြင်းမှာမူ ယခု ဘောလုံးပြိုင်ပွဲမှ တရားဝင် စတင်သည် ဟု ဆိုနိုင်မည် ဖြစ်သည်။ ယင်းသို့ ခွဲခြား ခေါ်ဝေါ်သုံးစွဲ သွားခြင်းသည် ရခိုင်ပြည်သူ ပြည်သားများ အတွင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း ဟူသော ဒေသစွဲ စိတ်များ၊ စိတ်ဝမ်း ကွဲပြားမှုများ ပေါ်ပေါ်လာအောင် တမင် ဖန်တီးလိုက်သော နအဖ၏ သွေးခွဲမှု ပေါ်လစီ လုပ်ရပ်၏ ပထမ ခြေလှမ်း ဟု ယူဆနိုင်ပါသည်။

နအဖ သည် ရှမ်းအမျိုးသားတို့ နေထိုင်ရာ တစ်ခုတည်းသော ရှမ်းပြည်နယ်ကိုပင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဟုလည်းကောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း ဟုလည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ဟုလည်းကောင်း၊ ပြည်နယ်သုံးခု ခွဲခြားပြီး ပအဖ သုံးခုဖွဲ့စည်းလျက် divide and rule policy ဖြင့် သွေးခွဲ အုပ်ချုပ်လာခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုမျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုနည်းတူ ရခိုင်ပြည်နယ်ကိုလည်း တောင်ပိုင်း၊ မြောက်ပိုင်း ဟူသော အခေါ်အဝေါ်များကို တရားဝင် သုံးစွဲလျက် ပြောင်ပြောင်တင်းတင်း သွေးခွဲ လာတော့ မည်လော ဆိုသည်ကို ဤဘောလုံး ပြိုင်ပွဲ ဖြစ်စဉ်မှ အစပြုလျက် စောင့်ကြည့် ကြရဦးမည် ဖြစ်ပေသည်။

Wednesday 3 December 2008

ကိုသိန်းစိန် ခေါင်းပြောင်ရသော အကြောင်းအရင်း

ကျွန်တော်တို့ တိုင်းပြည်ကြီးကို နေ့မအား ညမအား ဖျက်ဆီးနေလိုက်တာများ အခု နောက်ဆုံး ပြည်ပမှာ ဒင်းတို့နဲ့ လွတ်ရာ ကျွတ်ရာ သွားနေ နေတဲ့ လူတွေကို အလုပ်ပေးမယ့် အကြံအစည်နဲ့ ဥာဏ်ကြီးလိုက်တဲ့ ဥာဏ်ကြီးရှင် ဝဏ်ကျီးခြုပ် ကိုသိဏ်းဆိန်။ ...... သူ့ခဗျာ အဲလို တိုင်းပြည်အတွက် အတွေးအခေါ်တွေ တွေးတတ်လွန်းလို့ ခေါင်းပြောင်နေတာသာ ကြည့်ကြပါတော့ဗျာ။







Joke of the year!!!

Myanmar: PM Says Farm Sector Can Absorb Unemployed

2008-12-03 12:11

YANGON, MYANMAR: Myanmar's prime minister has said that the country's economy can provide jobs for returning migrant workers who lost their jobs due to the global financial crisis.

All three state-run daily newspapers on Tuesday (2 Dec) published the remarks by Prime Minister Gen. Thein Sein, made at a meeting with ministers, government officials and businessmen in the capital of Naypyitaw. It was the first public comment from the government on how the global crisis might affect the country.

In the remarks, made Monday (1 Dec), Thein Sein said that should workers overseas lose their jobs, Myanmar's agricultural sector by itself could employ millions.

Thein Sein said there are 46,057 Myanmar workers legally working abroad, but statistics from other countries and organizations estimate that more than 2 million are working abroad illegally, the New Light of Myanmar and other newspapers reported.

Thein Sein said millions of workers are needed in palm oil plantations, rubber plantations and teak plantations, and for timber extraction. Fisheries and the salt industry are also ready to hire workers, he said.

The foreign, labor and agriculture ministries all stand ready to help Myanmar workers who lost their overseas jobs, he added.

The prime minister conceded that the global economic crisis could have an indirect impact on Myanmar and destabilize local markets even though the effect on the monetary sector should be minimal because Myanmar's currency is not freely convertible so money transactions are not closely linked to foreign banks.

Thein Sein said Myanmar, which faces U.S. and European economic sanctions by the West because of the ruling junta's poor human rights record and failure to restore democracy, has no relations with Western monetary institutions. He also said Myanmar's foreign loan burden is insignificant compared to other countries, the New Light of Myanmar reported. (AP)

Monday 1 December 2008

အပျော့စား သတ္တု

တနေ့က ကျွန်တော့် ကလေးများကို စာသင်ပေးနေတဲ့ ဆရာမလေး ယူလီယာ ဗာဆီယက်ဗနာ့ကို ကျွန်တော့် စာကြည့်ခန်းအတွင်းသို့ အခေါ်ခိုင်းလိုက်တယ်။

ပေးစရာ ငွေကြေး ကိစ္စများကို ရှင်းလင်းပေးရန်ဖြစ်သည်။
“ထိုင်ပါ၊ ဆရာမ” .. ဟုပြောရင်း
“ပေးစရာရှိတာလေးတွေကို ပေးမလို့ အခေါ်ခိုင်းလိုက်တာပါ။ ဆရာမလည်း ငွေလိုရော့မယ်။ ဒါပေမယ့် ဆရာမကလည်း မတောင်းဘူး၊ ကောင်းပြီလေ။ အခုပေးတာပေါ့၊ ကလေးတွေကို စာသင်ပေးဖို့ ဆရာမကို တစ်လ ရူဘယ် ၃၀ နဲ့ သဘောတူခဲ့တယ်နော်”
“တစ်လ ၄၀ ပါ”
“မဟုတ်ဘူး သုံးဆယ်။ ဒီမှာ စာနဲ့ သေသေချာချာရေးထားတယ်။ အိမ်မှာ ကလေးတွေကို စာလာပြပေးတဲ့ ဆရာမ မှန်သမျှ တစ်လ ရူဘယ် ၃၀ အမြဲပေးခဲ့တယ်။ ဆရာမ ဒီမှာ စာသင်ပေးနေတာ အခုဆိုရင် ၂ လ ရှိသွားပြီနော်”

“နှစ်လနဲ့ ငါးရက်ပါ”

“မဟုတ်ပါဘူး၊ ဒီနေ့ပါနဲ့ ပေါင်းမှ နှစ်လ တိတိ၊ အားလုံး ဒီမှာ စာနဲ့ ရေးမှတ်ထားတယ်။ အခု ဆရာမကို ပေးရမှာက နှစ်လစာဆိုတော့ ရူဘယ် ၆၀။ အဲဒီ အထဲက တနင်္ဂနွေ ၉ ရက်ကို နှုတ်ရဦးမယ်။ တနင်္ဂနွေတွေမှာ ဆရာမဟာ ကိုလျာကို စာမသင်ပေးခဲ့ဘူး။ ပြီးတော့ အားလပ်ရက်နဲ့ ပိတ်ရင် ၃ ရက်ပါသေးတယ်။”

ဆရာမလေး ယူလီဗာ့ ဆီလီယက်ဗနာသည် မျက်နှာကြီး နီရဲလာကာ စကတ် အနားစွန်းလေးများကို လက်ဖျားနှင့် စိတ်လှုပ်ရှားစွာ ကိုင်နေသည်။ စကားတစ်ခွန်းမှ မပြော။

“အားလပ်ရက် သုံးရက်၊ သုံးရက်အတွက် တစ်ဆယ့်နှစ်ရူဘယ်ဖြတ်ရမယ်။ ကိုလျာလေး နေမကောင်းဖြစ်ပြီး စာမသင်ခဲ့ရဘူး။ ဆရာမဟာ ဗာယာနဲ့ပဲ နေခဲ့ရတယ်။ အိမ်ရှင်မက ဆရာမကို ညစာ စားပြီးချိန်ဆိုရင် အနားပေးတယ်။ တစ်လ ၁၂ ရူဘယ်နဲ့ ခုနစ် ရူဘယ်ပေါင်းတော့ တစ်ဆယ့်ကိုး ရူဘယ်၊ လစာထဲက တစ်ဆယ့်ကိုး ရူဘယ်ကို နှုတ်တော့ လေးဆယ့်တစ်ရူဘယ်ပဲ ကျန်တော့တယ်။ မှန်တယ်နော်။”

ဆရာမလေး ယူလီယာဗာဆီလီယက် ဗနာ၏ ဘယ်ဘက်မျက်လုံးများသည် နီရဲသွားကာ မျက်ရည်များ ဝိုင်းစို့လာသည်။ မေးလည်း တဆက်ဆက် တုန်လာသည်။ ဆရာမလေးသည် ချောင်းတချက်ဆိုးလိုက်ကာ နှာခေါင်းကို ပွတ်သည်။ သို့သော် စကားတစ်ခွန်းမှ မပြော။

“နှစ်သစ်ကူးပွဲ မတိုင်မီက လက္ဘရည် အချိုခွက်နဲ့ ပန်းကန်ပြား ဆရာမကြောင့် ကွဲသွားခဲ့တယ်။ အဲဒါအတွက် နှစ်ရူဘယ်၊ လက္ဘရည်ခွက်က အတော် တန်ဖိုးကြီးပါတယ်။ မိသားစု အစဉ်အဆက် ထိမ်းသိမ်းဆက်ခံလာတဲ့ ပစ္စည်းမို့ အတော်လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ထားပါတော့လေ။ ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာရှိသေးတယ်။ ဆရာမရဲ့ ပေါ့လျော့မှုကြောင့် ကိုလျာဟာ သစ်ပင်ပေါ်တတ်လို့ အကျီစုတ်ပြဲသွားခဲ့တယ်။ အဲဒါအတွက် တစ်ဆယ် ရူဘယ်။ ဆရာမရဲ့ ပေါ့ဆမှုကြောင့် အိမ်ဖေါ်မလေးက ဗာယာရဲ့ ဘွတ်ဖိနပ်ကို ခိုးယူသွားခဲ့တယ်။ ဒါတွေ အားလုံးကို မျက်လုံး ဒေါက်ထောက်ကြည့်ရမှာက ဆရာမရဲ့ အလုပ်။ ဒါ့အတွက် ဆရာမကို ပိုက်ဆံပေးပြီးငှားထားတာကိုး။ အဲဒီအတွက် ငါး ရူဘယ်ဖြတ်မယ်။ ဇန်ဇဝါရီလ ၁၀ ရက်နေ့က ဆရာမ ကျုပ်ဆီက ငွေ ဆယ်ရူဘယ် ချေးခဲ့တယ်။”

“ဟင့်အင်း၊ ကျွန်မ ရှင့်ဆီက မချေးခဲ့ဖူးပါဘူး။” ဟု ဆရာမလေးက လေသံသဲ့သဲ့ဖြင့် ပြောသည်။

“ဒီမှာ အားလုံးကို စာနဲ့ရေးမှတ်ထားတယ်။”
“ဒါဆိုလည်း ကောင်းပါပြီ၊ နောက်တော့ကော”
“လေးဆယ့်တစ်ရူဘယ်ထဲကနေ နှစ်ဆယ့် ခုနစ် ရူဘယ်ကို နှုတ်တော့ တစ်ဆယ့်လေး ရူဘယ်ကျန်တယ်။”

ဆရာမလေး၏ မျက်လုံးအစုံသည် မျက်ရည်များဖြင့် ပြည့်သိပ်နေကာ သွယ်တန်းလှပသော နှာတံစင်းစင်းပေါ်တွင် ချွေးသီး ချွေးပေါက်များ ဝိုင်းစို့လာသည်။ သနားစရာ အတော်ကောင်းသည့် မိန်းကလေး ... ။
“ကျွန်မ တစ်ခါပဲ ပိုက်ဆံချေးခဲ့ဖူးပါတယ်။ အဲဒါ ရှင့်ဇနီးဆီက သုံးရူဘယ်ထဲရယ်ပါ။ ဒါ့ထက် တပြားမှ မပိုခဲ့ပါဘူး။”

“အဲဒါကို ထည့်မပြောခဲ့ခဲ့ဘဲကိုး။ အဲဒါ ကျုပ်စာထဲမှာ ရေးမမှတ်ရသေးဘူး။ တစ်ဆယ့်လေး ရူဘယ်ထဲက သုံးရူဘယ် ထပ်နှုတ်တော့ တစ်ဆယ့်တစ် ရူဘယ်ပဲ ကျန်တော့တယ်။ ဒီမှာ သုံးရူဘယ်၊ နောက် သုံးရူဘယ်၊ နောက်သုံးရူဘယ်၊ တစ်ရူဘယ်၊ တစ်ရူဘယ် အားလုံး တစ်ဆယ့်တစ် ရူဘယ်၊ အဲဒါ ဆရာမ ပိုက်ဆံ။”

ကျွန်တော်သည် ဆရာမလေးကို ငွေ တစ်ဆယ့် တစ်ရူဘယ်ကို လှမ်းပေးလိုက်သည်။ ဆရာမလေးသည် ငွေကို တုန်တုန်ရီရီဖြင့် လှမ်းယူကာ အကျီ အိပ်ကပ်ထဲသို့ ထည့်လိုက်သည်။

“ကျေးဇူးပါပဲ” ဟု ခပ်တိုးတိုးလေး ပြောသည်။

ကျွန်တော် သည် ဝုန်းကခနဲ ထလိုက်ကာ အခန်းထဲတွင် လျောက်နေမိတော့သည်။ စိတ်လည်း အတော် ဆိုးသွားသည်။

“နေပါဦး၊ ဆရာမက ကျွန်တော့်ကို ဘာအတွက် ကျေးဇူးတင်ရတာလဲ။” ဟု ခပ်ဆက်ဆက် မေးလိုက်သည်။
“ပိုက်ဆံ ပေးတဲ့ အတွက်ပါ။”
“ကျုပ် ခင်ဗျားကို ငွေလိမ်ပေးနေတာ၊ နေ့ခင်းကြောင်တောင်ကြီး အေးဓားပြတိုက်နေတာ၊ ဘာပြုလို့ ကျုပ်ကို ကျေးဇူးတင်တာလဲ။”
“တခြားမှာဆို တပြားမှတောင် မရလို့ပါ။”
“တပြားမှ မရဘူး ဟုတ်လား၊ ဖြစ်မှ ဖြစ်ရလေ၊ အေးလေ .. ၊ အံ့သြစရာတော့ မရှိပါဘူး။ ကျုပ်ခင်ဗျားကို ရက်စက်တဲ့ သင်ခန်းစာတစ်ခုကို ပေးချင်လို့ပါ။ ခင်ဗျား လစာ နှစ်လအတွက် ရူဘယ်ရှစ်ဆယ်လုံးလုံး၊ အပြည့်ပေးမှာပါ။ ဟောဟိုက စာအိပ်ထဲမှာ အပြည့်ထည့်ထားပါတယ်။ ဆရာမ ... ဘာပြုလို့ ခင်ဗျား ဒီလောက် ပျော့ညံ့ရတာလဲ။ မဟုတ်တာ ဘာပြုလို့ ပြန်မပြောရဲရတာလဲ။ မဟုတ်တာကို ပြန်ပြောရဲရမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ဘဝမှာ ဘယ်လိုလုပ်ပြီး နေလို့ ရတော့မှာလဲ။ ဒီလို ပျော့ညံ့လို့ ဘယ်ဖြစ်မလဲ။

ဆရာမလေး မျက်နှာပြုံးယောင်သန်းလာသည်။

ကျွန်တော်သည် ဆရာမလေးအား ဘဝနေနည်း သင်ခန်းစာတစ်ရပ်ကို ရက်ရက်စက်စက် ပေးမိလိုက်သည့်အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ရင်း သူမ၏ လစာ ရူဘယ် ၈၀ ကို ပေးလိုက်ပါသည်။ ဆရာမလေးသည် အံ့အားသင့်၍ နေသည်။

“ကျေးဇူးတင်ပါတယ်။”
ဟု ကြောက်ကြောက်ရွံ့ရွံ့ ဖြင့် ပြောရင်း အခန်းထဲမှ ထွက်သွားသည်။ သူထွက်သွားလေမှပင် သူ၏ကျောပြင်ကို ငေးကြည့်ရင်း လောကကြီးမှာ ရက်စက်တယ်ဆိုတာ အလွန်လွယ်ကူတဲ့ အလုပ်ပါလားဟု တွေးနေမိလိုက်တော့၏။

ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ်၉၊ ၁၉၉၅ အောက်တိုဘာလ။

ရုရှားစာရေးဆရာကြီး Anton Chekhoy ၏ ဝတ္ထုတို Softy ကို ဆရာလင်းဝေမြိုင်က ဘာသာ ပြန်ထားတာ ဖြစ်ပါသည်။
(အခြအနေ အကြောင်းကြောင်းကြောင့် ဘာသာပြန်သူ၏ ခွင့်ပြုချက်ကို ရယူထားခြင်း မရှိပဲ ပြန်လည် ဖေါ်ပြထားခြင်းဖြစ်ပါသည်။)

လေးစားစွာဖြင့်
ကိုထိုက်