Thursday 29 January 2009

ဘုရားစူးပါရဲ့ ငွေစက္ကူပါဗျာ။

ကျွန်တော် မြန်မာနိုင်ငံသား ဖြစ်ရတာကို ဘယ်တော့မှ သိမ်ငယ်စရာ၊ ရှက်စရာ အဖြစ် မခံစားခဲ့ဖူးပါဘူး။

တရက် .. ရထားပေါ်မှာ မြန်မာပြည်အလည်ပြန်ရာကနေ ပြန်လာတဲ့ အသိတစ်ယောက်က .. ကျွန်တော် စိတ်ဝင်စားမယ့် ပစ္စည်းတစ်ခု မြန်မာနိုင်ငံကနေ အပြန်သယ်လာပေးခဲ့တယ် ပြောပြီး စာအိပ်လေး တစ်အိပ် ကျွန်တော့်ကို လှမ်းပေးတယ်။ ရထားကလည်း လူ က သိပ်မကြပ်၊ ကျွန်တော်တို့ကလည်း ရထားပေါ်မှာ စကားပြောပြီး စာအိပ်လှမ်းအပေး ဖွင့်ကြည့်ဖို့ အလုပ် လုပ်နေတော့၊ ဘေးက လူတွေကလည်း ဒီလိုပဲ လှမ်းကြည့်နေကြတာပေါ့။

အဲဒီမှာ ကျွန်တော်က စာအိပ်ထဲမှာ ဘာပါမလဲ ဖွင့်ကြည့်လိုက်တဲ့ အခါ .. မြန်မာနိုင်ငံအတွင်းမှာ လှည့်ပတ်သုံးစွဲနေတဲ့ တရားဝင် ငွေစက္ကူတွေကို တွေ့လိုက်ရတာပါပဲ။ အဲဒီ ငွေစက္ကူတွေကို ယူလာပေးတဲ့ မိတ်ဆွေကထပ်ပြီး ဖြည့်စွက် ပြောလိုက်တာကတော့ .. အဲဒါ မြန်မာနိုင်ငံထဲမှာ လက်ရှိ လက်တွေ လှည့်ပတ်သုံးနေတဲ့ ငွေစက္ကူတွေတဲ့။ ငါ က အစုတ်တွေကို ရှာကြံယူလာတာ မဟုတ်ဘူး။ လက်ထဲ သုံးပြီး ပိုလာတဲ့ ငွေကို အခု မင်းကို ပေးတာတဲ့။

မြန်မာနိုင်ငံသား ဖြစ်ရခြင်းကို မရှက်တဲ့ ကျွန်တော်က အခု မြန်မာပြည်က ငွေစက္ကူကို လူအများရှေ့မှာ ထုတ်ကြည့်မိတဲ့ အခါ .... ဒါ ငါတို့ နိုင်ငံက ပိုက်ဆံတွေလေလို့ အခြားလူတွေရှေ့မှာ မပြောရဲအောင် ရှက်စိတ် ဖြစ်နေမိတာ ကိုယ့်ဘာသာ ပြန်ပြီး အံ့သြမနေတော့ပါဘူး။ (ကျွန်တော့် နေရာမှာဆို မိတ်ဆွေရော ဘယ်လို ခံစားမိမှာပါလဲ။) ငွေစက္ကူရဲ့ တကယ့် အခြေအနေမှန် သိရအောင် ပုံပေါ် ကလစ်နှိပ်ပြီး ပုံကြီးချဲ့ကြည့်ပါ။ သေချာမြင်နိုင်အောင် full resolution နဲ့ တင်ပေးထားပါတယ်။

တိုင်းပြည်မှာ လှည့်ပတ် သုံးစွဲ နေရတဲ့ ဒီ ငွေစက္ကူလေးကိုတောင် ကောင်းအောင် မလုပ်နိုင်ဘဲ၊ စက်မှုစွမ်းအား ခေတ်ကျော်လွှားတို့၊ ခေတ်မှီ ဖွံဖြိုးတိုးတတ်နေသော နိုင်ငံတော်ကြီးတို့ ဆိုပြီးအရှက်မရှိ ပြောရဲသော လက်နက်ကိုင် အကြမ်းဖက်အုပ်စု နအဖကိုလည်း အံ့သြမိပါရဲ့။



နိုင်ငံတော် စရိတ်နဲ့ ပြည်သူ့ ငွေတွေနဲ့ ပညာတော်သင် လွှတ်ထားတဲ့ လူတွေကို နူကလီးယားစက်ရုံဆောက်ဖို့ အရင် မသင်ခိုင်းသေးဘဲ၊ အဲဒီ ငွေစက္ကူလေးတွေကို ဘယ်လို ကြာကြာအသုံးခံအောင် ထုတ်မလဲဆိုတာ သင်ခိုင်းရင်ကောင်းမလား၊ (ဒါမှ မဟုတ်) အဲဒီလို နူကလီးယား စက်ရုံအတွက် ကုန်ကျငွေတွေကို အကုန် မခံဘဲ နိုင်ငံထဲ လှည့်ပတ်နေတဲ့ ငွေစက္ကူတွေကို အသစ်ပြန်လည် လှည့်ပတ် ထုတ်ပေးနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ .. ရထားပေါ်မှာ အဲဒီ ငွေစက္ကူလေးတွေ ကိုင်ကာ အတွေးနယ်ချဲ့ ရင်း .. ကျွန်တော့်လက်ထဲ ကိုင်ထားတဲ့ ငွေစက္ကူ လှမ်းကြည့်နေတဲ့ ဘေးက ပုဂ္ဂိုလ်ကို ကျွန်တော့် စိတ်ထဲကနေပြီးတော့ .. ဘုရားစူးရပါစေရဲ့ ဒါ ငွေစက္ကူပါဗျာ .. လို့ ပြန်ပြောနေမိပါတော့တယ်။

လေးစားစွာဖြင့်
ကိုထိုက်

Wednesday 28 January 2009

Burma VJ

မြန်မာ့သမိုင်းမှာ ဘယ်သောအခါမှ မေ့ပျောက်သွားနိုင်မည် မဟုတ်သော မြန်မာပြည်ရဲ့ သံဃာတော်များ အပါဝင် ပြည်သူ့ အာဇာနည် သူရဲကောင်းများရဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ကာလ အတွင်းမှာ ပြည်သူများအတွက် ကိုယ်ကျိုးစွန့်ကာ ပေးခဲ့ရသော အသက်များ၊ .....

လက်နက်ကိုင် အကြမ်းဖက်သမား နအဖရဲ့ သေနတ်ပြောင်းဝတွင် ဗုဒ္ဓဘာသာ သာသနာတော်ကြီးတစ်ခုလုံး သွေးစွန်း ညစ်ထေး ညိုးနွမ်းခဲ့ရသော မြန်မာနိုင်ငံ၏ ၂၀၀၇ နှစ် စက်တင်ဘာ မှတ်တမ်းများကို .. မှတ်တမ်းရုပ်ရှင် အဖြစ်တည်းဖြတ်ထားသော Burma VJ သည် World Cinema Documentary Editing Award ရရှိခဲ့ပါသည်။

အဆိုပါ ဇာတ်ကား နမူနာကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။



download ရယူလိုသူများလည်း ဒီနေရာတွင် ရယူနိုင်ပါသည်။ Click here to download

တောင်းပန်ခြင်း

အခြေအနေ အကြောင်းကြောင်းကြောင့် ကျွန်တော်၏ ဘလော့မှာ ပို့စ် အသစ် တင်ခြင်းများ သွက်သွက်လက်လက် မတင်နိုင်ခြင်းအပေါ် လာရောက် ဖတ်ရှုသူများ အားလုံးအား အထူးတောင်းပန်ပါသည်။ ကျွန်တော်တတ်နိုင်သမျှ လက်လှမ်းမီသော မြန်မာနိုင်ငံနှင့် သက်ဆိုင်ကာ မြန်မာပြည်သူများ သိသင့်သော အချက်များကို အစဉ်အမြဲ လက်ဆက်ကြိုးပမ်းနေမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ထို့အပြင် ကျွန်တော့်ထံသို့ သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ဗွီဒီယိုများ ပေးပို့ကြသော မိတ်ဆွေများအားလည်း ကျေးဇူး အထူးတင်ရှိပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

Saturday 17 January 2009

ပထဝီ


ပထဝီ
(စောဝေ)

ဘယ်နှယ့်ဗျာ ...
ငါ့ အာရုဏ်မှ မသစ်သေးဘူး
မနက်ခင်း ဘယ်မှလည်း မေး
သောင်ပြင်မှာ ကျွမ်းထိုးနေတဲ့ ချာတိတ်ကို
ပြလိုက်တယ်။

ဟော ... လာပြန်ပြီ
ရိုက်ချိုးခံထားရတဲ့ အရယ်အပြုံး
ပဲ့တင်သံတွေ တဝုန်းဝုန်း
တောင်ကုန်းရိုးမတွေ ပြလိုက်တယ်။

ဒီတခါတော့ ....
အရှိတရားများတ
မိုက်လုံးကြီး ညများစားသုံး
စကြာဝဠာ တစ်ခွင်လုံး
အပ်နဖားပေါက်ကလေးက ပြလိုက်တယ်။

ဒါနဲ့များ
လျှပ်ငိုသံတွေ မဲ့နေပြီတဲ့
ပင်လယ်ကမ်းစပ်လည်း ပြလိုက်ရော
(ကမ္ဘာ့ မျက်ရည်တွေ ပြောပြီး)
သူ ...
ဒလဟော ငိုပါရော။

စောဝေ (၁၉၉၄)
Geography

What on earth
Are you asking about
Where the morning is?
My dawn is not yet come
Show a boy
Who somersaults on a beach.

How come!
The smile that has been broken
Echoes are noisy
Show the mountain-ranges of Yoma.

At that time
An eye of a needle
Shows the whole universe
That eats foolish nights with many existences.

And then
He said the voice of weeping lighting is not heard
When a sea-shore is shown
(Saying about the tears of the world)
He
is wailing.

Saw Wai (1994)


ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ဘဝနေဝင်ချိန် ရောက်ပြီလား။

ခေတ်အဆက်ဆက် သမိုင်းကြောင်းတွေအရ ထင်ရှားကျော်ကြားခဲ့တဲ့ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ဟာပြုပြင်ထိန်း သိမ်းခွင့်မရရှိတာကြောင့် အချို့အစိတ်အပိုင်းတွေဟာ မြင်မကောင်းလောက်အောင် ပျက်စီးယိုယွင်းနေပါတယ်။
နယ်ချဲ့အပါအဝင် စစ်အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ သူရဲကောင်းများ မွေးဖွားရာ အမိတက္ကသိုလ်ကြီးကို ပညာမတတ်လို့ မှန်ကန်တဲ့အတွေးအခေါ်အယူအဆမရှိတဲ့ အသိဥာဏ်ကင်းမဲ့နေကြတဲ့ စစ်ဗိုလ်တစုက အငြိုးကြီးစွာနဲ့ သိမ်းပိုက်ဘို့ စီစဉ်နေပါတယ်။
၂ - ၁ - ၂၀၀၉ နဲ့ ၉ - ၁ - ၂၀၀၉ ရက် နေ့တွေမှာ စစ်ရုံးချုပ်(နေပြည်တော်)ရဲ့ ညွှန်ကြားချက်အရ ရန်ကုန်တိုင်း၊ တိုင်းမှူးဗိုလ်မှူးချုပ်ဝင်းမြင့် နှင့် စစ်ဘက်ဆိုင်ရာ အရာကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကြီးအတွင်း လှည့်လည်ကြည့်ရှူစစ်ဆေးပြီး လေ့လာတွေ့ရှိချက်များကို နေပြည်တော် စစ်ရုံးချုပ်သို့ အစီရင်ခံစာပေးပို့ ခဲ့ပါတယ်။

တက္ကသိုလ်ဆရာ၊ဆရာမများ အကြားမှာတော့ သူတို့တွေနှစ်ရှည်လများ မျှော်လင့်စောင့်စား နေခဲ့ကြရတဲ့ အမိ တက္ကသိုလ်ကြီးကို ပြုပြင်ဆောင်ရွက်ပြီး ဟိုးယ္ခင်ကာလကလို တက္ကသိုလ်ကျောင်းသားကျောင်းသူ တွေနဲ့ ပျော်ရွှင် ချမ်းမြေ့တဲ့ အခြေအနေပြန်ရောက်တော့မလားဆိုပြီး ဝမ်းသာနေကြပါတယ်။ (တချို့ကလည်းမဆီမဆိုင် လစာပါတိုး ဦးမှာဆိုပြီးဝမ်းသာနေကြပါတယ်။)

ဒါပေမဲ့ အထင်နဲ့အမြင် တခြားစီပါဘဲ။ စစ်ရုံးချုပ်(နေပြည်တော်)ရဲ့ညွှန်ကြားချက်အရ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကြီး ရှိ ဝန်ထမ်းအားလုံး ပျဉ်းမနားတက္ကသိုလ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရ မယ်လို့ကြားသိရပါတယ်။ ဒီရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးမှာ စစ်တက္ကသိုလ်အသီးသီးက ဘွဲ့ရကျောင်းသားများအတွက် ဘွဲ့လွန် သင်တန်းများသာ ဖွင့်လှစ် သင်ကြားနိုင်ရန် စီစဉ်နေခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

စစ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်အနေနဲ့ ယခုကတည်းက လုံခြုံရေးအကြောင်းပြချက်နဲ့ တက္ကသိုလ် ဝင်၊ထွက် ပေါက် အားလုံးကို ပိတ်စေခဲ့ပြီး ခွင့်ပြုထားသောယာဉ်မှအပ၊ မည်သည့်ယာဉ်မှ ဝင်ထွတ်ခွင့်မပြုပါ။ ဘွဲ့နှင်းသဘင်အခမ်းအနား များတွင် ဘွဲ့ယူမည့်ပုဂ္ဂိုလ်အပါအဝင် အခမ်းအနားတက်ရောက်သူအားလုံး အဓိကဝင်ပေါက် (တက္ကသိုလ်ရိပ်သာလမ်း)မှ ဘွဲ့နှင်းသဘင်ခမ်းမအထိ လမ်းလျှေက်သွားကြရပါတယ်။
ဘွဲ့ပေးနေစဉ်အချိန်မှာတော့ ကျန်မိသားစုဝင်တွေဟာ ခေတ္တနေထိုင်စရာ နေရာမရှိကြတာကြောင့် လမ်းဘေးမြက်ခင်းများ ပေါ်မှာအစဉ်ပြေသလို နားခိုစောင့်ဆိုင်းကြရပါတယ်။
ဘွဲ့နှင်းသဘင်အဆောက်အဦးရဲ့ အနောက်ဘက်၊ အင်းယားလမ်းတဖက်ခြမ်းမှာတော့ စစ်အာဏာရှင်ဗိုလ်ချုပ် မှူးကြီး သန်းရွှေရဲ့မြေး နေရွှေသွေးအောင် (ခ) ဖိုးလပြည့် ရဲ့ NIGHT CLUB ဖွင့်ဘို့ပြင်ဆင်နေတဲ့ အဆောက် အဦးကို တွေ့မြင်ကြရမှာပါ။ ဒီအဆောက်အဦးဟာ ပညာရေးဝန်ကြီးဋ္ဌာန (သတ္တဗေဒဋ္ဌာန) ကပိုင်ဆိုင်ပြီး သုတေသန လုပ်ငန်းများဆောင်ရွက်ရာနေရာဖြစ်ပါတယ်။

ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းဟာ သူ့ရဲ့ရာထူးတည်မြဲရေး အတွက် တက္ကသိုလ်ပိုင်မြေနေရာနဲ့ အဆောက်အဦးကို ကိုယ်ကျိုးစီးပွားရှာတဲ့အာဏာရှင်မိသားစုအတွက် သိက္ခာမဲ့စွာ ပေးကမ်း ခဲ့တာပါ။ အလားတူ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ကိုလည်း စစ်အစိုးရအလိုကျ အသုံးချနိုင်အောင် အပြည့်အဝ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ပေးနေသူပါ။
ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးလည်း စစ်အာဏာရှင်တွေက သိမ်းပိုက်ဘို့စီစဉ်ပြီး စစ်အာဏာရှင်ရဲ့ မြေးကလည်း သန့်ရှင်းစင်ကြယ်လှတဲ့တက္ကသိုလ်ပါတ်ဝန်းကျင်မှာ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ ညကပွဲရုံအမည်ခံ ညဥ့်ဋ္ဌက်တွေပျော် ပါးရာနေရာအဖြစ် စီစဉ်နေကြတာတွေကို တွေ့မြင်နေကြရတဲ့အတွက် ပညာတတ်တွေ အပါအဝင် အများပြည်သူလူထု ကြီးကလည်း စိုးရိမ်သောက ရောက်လျှက်ရှိနေကြပါတယ်။

ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ဘဝနေဝင်ချိန် ရောက်ပြီလား?

လေးစားစွာဖြင့်
သူရဲကောင်း။

Wednesday 14 January 2009

Singaporeans arrested for protest in support of Burmese Activists



Two Singapore activists, Seelan Palay and Chong Kai Xiong were arrested by the police for protesting against the denial of work permits to Burmese nationals who had taken part in protests in Singapore against the military regime in Burma.

credit to choonhiong

Saturday 10 January 2009

နှစ်သစ်မှာ ကျန်းမာရေး ချို့တဲ့နေတဲ့ စစ်အာဏာရှင်ကြီးသန်းရွှေ

မေမြို့စစ်တက္ကသိုလ် ကျောင်းဆင်းပွဲအပြီး ငလျင်လှုပ်တာကို ကြုံတွေ့လိုက်တဲ့ အကြမ်းဖက်အဖွဲ့ အစည်းရဲ့ခေါင်းဆောင် လူသတ်သမား စစ်အာဏာရှင် သန်းရွှေတယောက် အကြောက်ကြီးကြောက်ပြီး ယတြာချေဘို့ နာဂစ်လေပြင်းမုန်တိုင်းသင့် ဧရာဝတီတိုင်းဆီ ဒရောသောပါး အပြေးအလွှား ရောက်ရှိသွားခဲ့ပါတယ်။

ပုသိမ်မြို့ကို ၂၇ ၊ ၁၂ ၊ ၂၀၀၈ နေ့မှာ ရောက်ရှိလာပြီး ၂၈ ၊ ၁၂ ၊ ၂၀၀၈ နေ့မှာ ငွေဆောင်ပင်လယ်ကမ်း ခြေကိုရောက်ရှိလာခါ ၂၀၀၉နှစ်သစ်ကိုကြိုဆိုဘို့ ၃၁ ၊ ၁၂ ၊ ၂၀၀၈ နေ့ထိ တေဇ သိမ်းဆည်းလိုက်တဲ့ (CENTRAL HOTEL) မှာနေထိုင်ဘို့ စီစဉ်ခဲ့ကြတာပါ။

ဒါပေမဲ့ ကျန်းမာရေးအခြေအနေ ရုတ်တရက် ဆိုးရွားလာတာကြောင့် ၃၀ ၊ ၁၂ ၊ ၂၀၀၈ နေ့မှာ ရန်ကုန်မြို့ကိုချက်ချင်းပြန်လာပြီး ညအိပ်ရပ်နားခဲ့ရပါတယ်။ ၁ ၊ ၁ ၊၂၀၀၉ နေ့မှာ နေပြည်တော်စစ်တန်း လျားနေအိမ်ကို ကျန်းမာရေးချို့တဲ့စွာနဲ့ ပြန်လည်ရောက်ရှိလာပါတယ်။

စစ်အာဏာရှင်ကြီးသန်းရွှေဟာ ကျောရိုးအရိုးနုကျွံထွက်တဲ့ရောဂါ (Prolapsed Inter-Vertebral Disc) ဖြစ်ပွားနေတာကြောင့် မင်္ဂလာဒုံရှိ တပ်မတော်အရိုးအထူးကုဆေးရုံကြီးမှ အရိုးအထူးကုပါရဂူ ဒုတိယဗိုလ်မှူးကြီးလှအောင် နဲ့ ဆေးပညာသည်အဖွဲ့ ကိုခေါ်ယူကုသနေရပါတယ်။

အခြေအနေဆိုးလို့ ခွဲစိတ်ကုသဘို့လိုအပ်ရင် စကာင်္ပူကိုသွားမယ်လို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ လတ်တလော အဲဒီလို PID ရောဂါမျိုး သွားရောက် ခွဲစိတ်ကုသခံနေတဲ့ နာမည်ကြီး ဆရာဝန်ကြီးတဦး စကာင်္ပူ ခွဲစိတ်ဆရာဝန်တွေရဲ့ လက်ချက်နဲ့ အခြေအနေပိုဆိုးသွားတယ် ဆိုတဲ့သတင်းကြောင့် အာဏာရူးကြီး သန်းရွှေတယောက် စိတ်ကျရောဂါ ပါဖြစ်ပွားနေပါတယ်။


အပြစ်မဲ့ ပြည်သူပြည်သားတွေနဲ့ ဘုရားသားတော်တွေကို ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ စစ်အာဏာရှင်ကြီး သန်းရွှေဟာ ကိုယ်တိုင် ကျူးလွန်ထားတဲ့ အကုသိုလ် အကျိုးဆက်တွေကြောင့် ဒီဘဝမှာတင် ဘယ်လိုခံစား ရမလဲဆိုတာ စောင့်မျှော်ကြည့်ကြပါစို့။

Thursday 8 January 2009

SPDC's preparation for their bogus election 2010



လူ့အခွင့်အရေး ဘယ်လောက် ချိုးဖောက်နေသလဲဆိုတာ အထက်ပါ သန်းခေါင်စာရင်း ပုံစံ အသစ်ကိုသာ ကြည့်ရင် သိသာလွန်းပါတယ်။

လူ တစ်ဦး တစ်ယောက်၊ မိသားစု တစ်စုခြင်းဆီရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ချိုးဖောက်ပြီး ဘာမဟုတ်တဲ့ ရပ်ကွက်လူကြီးဆိုတဲ့ လူတွေ ဆီမှာ အဲဒီ စာရင်းတွေ ပေးရမယ်တဲ့။

ပထမဦးဆုံး အဲလို မိသားစု စာရင်းကို ကောက်ယူထားတာကိုက လူ့အခွင့်အရေး ချိုးဖောက်တာပါပဲ။ အခြားလူ့အခွင့်အရေးကို နားလည်ပြီး လူလို အသိစိတ်ရှိတဲ့ နိုင်ငံတွေမှာ အဲလို မိသားစု စာရင်း ကောက်ယူတာ မရှိပါဘူး။

ကိုယ့်ဘာသာ email ဘယ်နှစ်ခု ရှိရှိ ဒီလို ဘာမှ စာမတတ် ပေမတတ်နဲ့ လူမိုက် လူရမ်းကားတွေကို အဲဒီ လိပ်စာ ပေးဖို့ လိုသလား။ ဖုန်းနံပါတ်၊ အီးမေးလ် ဆိုတာတွေက ကိုယ်ပိုင် personal ကိစ္စ သက်သက်သာ ဖြစ်တယ်။ မိသားစုများနဲ့ လူတစ်ဦးခြင်းဆီရဲ့ ကိုယ်ပိုင် အခြေခံ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်ဆိုတာရှိပါတယ်။ အဲဒီ လွတ်လပ်ခွင့်တွေကို တနိုင်ငံလုံး အတိုင်း အတာနဲ့ ဗြောင်ကျကျ အရှက်မဲ့စွာ ချိုးဖောက်လိုက်တာသာ ဖြစ်တယ်။

အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားခြင်း မရှိဘူးလို့ ယူဆရတဲ့ တရားမဝင် စွမ်းအားရှင်လို အဖွဲ့မျိုးကို အဖွဲ့ဝင် ရှိ၊ မရှိလည်း ဗြောင်စာရင်း ကောက်နေတာကို ကြည့်ရင် သူတို့ ဥပဒေ ဆိုတာ သူတို့ လိုက်နာခြင်း လုံးဝ မရှိဘူးဆိုတာကို ထင်းထင်းကြီး ပြနေတာပါပဲ။ ဥပဒေ မရှိတဲ့ တိုင်းပြည်မှာ လူဖြစ်ရတာ အတော် ရင်နာစရာ ကောင်းပြီး၊ ရှက်စရာလည်း အတော် ကောင်းပါတယ်။ ယိုသူ မရှက် မြင်သူရှက်ရတာပါပဲ။

ဒီလို ဗြောင်ကျကျ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ကျွန်တော် သိ နားလည် သလောက် ပြောရရင်တော့ .... လူ့အခွင့်အရေးဆိုတာ လူတဦးခြင်းဆီရဲ့ အခွင့်အရေးသာ ဖြစ်တယ်။ မွေးရာပါ ရသင့်တဲ့ အခွင့်အရေးပါပဲ။ ဘယ်သူ့ဆီကမှ တောင်းယူနေစရာ မလိုပါဘူး။ ကိုယ့်ဘာသာ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးကို မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်ကျင့်သုံးနိုင်ကြပါစေ..။

လေးစာစွာဖြင့်
ကိုထိုက်

NLD - Youth statement

Monday 5 January 2009

နအဖ သတင်းသမား ဆိုတာ အဲလို လူစားတွေပါလား

ရီစရာ ကောင်းတဲ့ သတင်း စာမျက်နှာတစ်ခုကို သူငယ်ချင်း တစ်ယောက်က ကြည့်မလားလို့ ပြောလို့ ကြည့်မိလိုက်တော့ .... ။

ကျွန်တော်က များသောအားဖြင့် နအဖ အရိုးကိုက် နောက်လိုက် သတ္တဝါလေးတွေ ရေးတာကို မဖတ်ဖြစ်ဘူး။ တောင်ကြည့် မြောက်ကြည့်သာ လုပ်တာ။ သူတို့ကတော့ ထုံးစံအတိုင်း ထောင် နှစ်ရှည်ကျ၊ ဘဝတွေ ပျက်၊ သေတဲ့ လူတွေလည်း ပြည်ပက ဒေါ်လာ ပေးလို့ လုပ်တယ်ဆိုတဲ့ ထောက်လှန်းရေး report ပုံစံထက် ဘာမှ ပိုပြီး တွေးခေါ် မြော်မြင်တတ်တဲ့ လူတွေတော့ မဟုတ်ပါဘူး။ သနားစရာ။ (ဒါပေမယ့် အဲလို ခပ်ပေါပေါ အတွေးအခေါ် စာလေးတွေကို ဖတ်ပြီး သံယောင်လိုက်နေတဲ့ ခပ်ချာချာ စစ်ဗိုလ်ဆိုတဲ့ လူတွေကလည်း ရှိနေတာကိုး)

ဂွတို လေအိုး ကျော်ဆန်း တပည့်ဖြစ်တဲ့ သာကီနွယ်ဆိုတဲ့ ဆိုဒ်ကတော့ စက်တင်ဘာ မတိုင်ခင်မှာ ဘလော့ရေးပြီး ဝါဒ ဖြန့်တဲ့ အဆင့်ကနေ စက်တင်ဘာ နောက်ပိုင်းမှာ website ဝယ်ပြီး ရေးတာ လုပ်ပါလေရောလား။ ပြည်တွင်း သတင်း အမှန်ကို ဖေါ်ပြတာလို့ ပြောတာပါပဲ။ မြင်နေရသမျှကတော့ ခုနက ပြောတဲ့ အကြမ်းဖက်သမား လက်နက်ကိုင် သောင်းကျန်းသူ နအဖရဲ့ ထောက်လှမ်းရေး report တွေကို ပြန်ပြီး တင်နေတဲ့ လူတစ်ယောက်အဆင့်ပါပဲ။ ဒီထက် မပိုပါဘူး။ သတင်းသမား အဆင့် မပြောနဲ့ ကျွန်တော်တို့လို သာမန် ဘလော့ရေးတဲ့ လူ အဆင့်တောင် မရှိပါဘူး။ ဒါပေမယ့် ခပ်တည်တည်ပါပဲ။ သတင်းမှားတွေကို သတင်းမှန်နဲ့ တုံ့ပြန်တယ်ပေါ့။

အဲဒီလို .... သတင်းမှန်နဲ့ တုံပြန်တဲ့ လူ (သို့) ထောက်လှန်းရေး report တွေကိုကို ပြန်ဖေါ်ပြတဲ့ လူ ရဲ့ သတင်းဓါတ်ပုံတစ်ပုံကို ကြည့်ပြီး .. အော် နအဖ သတင်းမှန် ထောက်လှန်းရေး report ဆိုတာ ဒီလိုပါလားလို့ ... တွေးမိတယ်။ သူ ရေးထားသမျှ အခြားစာတွေကလည်း ပေါက်ကရ တွေပါဆိုတာကို သူ့ဘာသာ ဖေါ်ပြနေလေရဲ့။

အောက် က ပုံမှာ ကြည့်ပါ။ NCGUB က ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းကို NCUB က ဦးမောင်မောင် တဲ့ ခပ်တည်တည်ပဲ လုပ်ထားပုံ။ ဒီလို ငထုံတွေက သတင်းပို့တာကို ယုံပြီး လိုက်လုပ်နေတဲ့ စစ်ဗိုလ်လေးတွေရဲ့ အဆင့်ကတော့ သနားစရာပါပဲ။ နှစ်သစ်မှာ တွေ့ရ မြင်ရတဲ့ နအဖ ဂွတို ကျော်ဆန်း တပည့်တွေရဲ့ ကိုးရိုးကားယား ဟာသ တစ်ခုပဲလို့သာ မှတ်ချက် ချမိပါတော့တယ်။