Monday 9 November 2009

ဒေါက်တာလာလာ၊ စစ်သားလာလာ၊ ဘယ်သူလာလာ

“We will remember not the words of our enemies, but the silence of our friends.”
Martin Luther King Jr.

ကျွန်ုပ်တို့က ကိုယ့်ရန်သူရဲ့ စကားကို သတိမရပေမယ့်၊ ကိုယ့်မိတ်ဆွေရဲ့ တိတ်တိတ်ဆိတ်နေမှုကို သတိရ (သတိထားမိ) ရမယ်။

ဆရာကြီးဦးလွန်း (ခ) သခင်ကိုယ်တော်မှိုင်းကြီး ရေးခဲ့တဲ့ ပုံပြင် ဥပမာလေးထဲက စာလေးတစ်ခုကို အခုတလော ထပ်ထပ်ခါခါကို သတိရမိနေပါတယ်။ အဲဒါကတော့ ဘုဂံမင်းကို နန်းချပြီး နောင်တော် လူအေး မင်းတုန်းမင်းကို အစဉ်လာအတိုင်း နန်းတင်ပြီး နန်းသစ်တည်တဲ့ ယခု မန္တလေးနေရာကို ပြောင်းရွေ့နေစဲအချိန် စစ်ဦးစီးချုပ်ကြီး ကနောင် ကိုယ်တော်ဟာ ပြည်သူတွေရဲ့ အသံကို စနည်းတဘောင်နာရန် ရုပ်ဖျက်ပြီး ထွက်လေ့လာတော့ တနေရာမှာ နန်းသစ် ပြောင်းရွေ့တာမှာ လုပ်အားပေးပါတဲ့ လယ်သမား မိသားစု လှည်းဘေးနားမှာ နားနေတာတွေ့တုန်း ဝင်မေးမြန်းပါတယ်။ ဘုဂံမင်းနဲ့ မင်းတုန်းမင်း ဘယ် မင်းက ပိုကောင်းလဲဆိုပြီး အမေးကို .. လယ်သမားကြီးက ဘယ်သူ တက်တက် ငါတို့ ပြည်သူက ကိုယ့်ထမင်း ကိုယ်ရှာစားရတာ ဖြစ်တဲ့အတွက် ဘယ်မအေဘေးမှ မကောင်းပါဘူးကွာ … ဆိုပြီး ပြန်ပြောလိုက်တော့ ကနောင်ကိုယ်တော်ကြီးလည်း ထိုနေရာမှ ထပြေးခဲ့ရတယ်ဆိုပြီး ဆရာကြီးက စာသားနက်နက်၊ ပညာရှင်ရှင်နဲ့ ပြောခဲ့ ရေးခဲ့ဖူးတယ်။ စာရေးသူက မှတ်မိသလောက် ပြန်ရေးပြတာပါ။

မြန်မာပြည်ထဲမှာ မြန်မာ့နိုင်ငံရေးအရွေ့ အလွဲနဲ့ ကွန်စတီကျူးရှင်းကို အထောက်ခံဆုံး ပုဂ္ဂိုလ်ကို ပြောပါဆိုရင် ဒေါက်တာနေဝင်းမောင်ကို လက်ညှိးထိုးပြ ရမယ်ထင်တယ်။ ဆရာနေဝင်းမောင်ဟာ ရောက်ရာနေရာ၊ ရောက်ရာအရပ် တက်ရာ စင်မြင့်ပေါ်မှာ ကွန်စတီကျူးရှင်း စာအုပ်ကို ကိုင်ပြီး လူတွေကို ဝေဖန် စော်ကားသလို ဖြစ်နေတဲ့၊ နိုင်ငံကို ချောက်ထဲ တွန်းချနေတဲ့ စာအုပ်ကို အရောင်းမြင့်တင်ရေး ဝန်ထမ်းဆန်ဆန် စာအုပ် တကိုင်ကိုင်၊ လေသံ တဖွာဖွာနဲ့ကို ကျဲနေတော့တာပါဘဲ။ ကိုယ်တိုင်လည်း အောက်က ပြန်မေးတဲ့ မေးခွန်းတွေကို မဖြေနိုင်ရင်ခပ် တည်တည်နဲ့ စင်ပေါ်က အရှက်မရှိ၊ ဝန်မခံဘဲ ဆင်းပြေးသွားပြီး ဝါဒ တစ်ခု မောင်းတင်ထားသလို ထောက်ခံမှုမျိုးကို အကြိမ်ကြိမ် ပြုလုပ်နေခဲ့တာလည်း ဒေါက်တာနေဝင်းမောင်ပါပဲ။ သူစကားနဲ့ ယှဉ်မပြောနိုင်တဲ့ အခါတိုင်း သုံးတာကတော့ …. ဝိဒူရ မြင်းမြီးဆွဲတွေနဲ့ စကား မပြောလိုဘူး … ဆိုပြီး ပြန်လှန် ဆွေးနွေးသူကို လူကြီးလူကောင်းမဆန် စော်ကားတတ်ပါသေးတယ်။ သစ္စာတရားဖြစ်ရင် လူသတ်သမား အင်္ဂါတော့မဆွဲဘူး ဝိဒူရ မြင်းမြီးဘဲဆွဲတာ ပို ဂုဏ်သိက္ခာ ရှိပါတယ်ဆိုတာ ဒေါက်တာ့ကို ပြောပါရစေ။

ဒေါက်တာနေဝင်းမောင်ဟာ အကြီးအကျယ် မေ့လျော့နေတဲ့ ကိစ္စ သို့မဟုတ် မသိချင်ယောင် ဆောင်နေသည်လား မမှန်းဆတတ်သော ကိစ္စကြီးကတော့ ပြည်သူ့ သဘောထားဆိုတာကိုပါ။ ကျွန်တော်တို့ ပြည်သူတွေဟာ ပညာမတတ်လို့ မပြော၊ မဖွင့်ဟတတ်ရင် ရှိမယ်။ သူတို့ဟာ သူတို့ကိုယ်တိုင်က ရွေးချယ်ပြီး၊ သူတို့ အရေးကို အလေးပေး၊ သူတို့ ကောင်းစားရေးကို ရှေးရှုဦးတည်တဲ့ နိုင်ငံတော် အစိုးရကိုပဲ လိုလားကြမှာ မလွဲပါဘူး။

ဒေါက်တာနေဝင်းမောင် လုပ်ရပ်ဟာ ရွာထဲမှာ ခိုးဆိုး လူသတ်၊ မုဒိန်းကောင်ကို အသက်လေး နည်းနည်းရလာချိန်မှာ ဘုန်းကြီးဝတ်ပေးပြီး ကျောင်းထိုင်ဆရာတော် လုပ်ခိုင်းသလို ဖြစ်နေပါတယ်။ ထွက်ပေါက်ပေးပြီး အခွင့်အရေးကို ရယူသင့်တယ်လို့ ဆိုလိုချင်တယ် ဆိုရအောင်လည်း အခု ချိန်ထိ နအဖ အစိုးရဘက်က နိုင်ငံတော် ရှေ့ဆက် ရေးအတွက် ဘာတွေ စီစဉ်ထားပါပြီ။ ပြည်သူတွေဘက်ကလည်း ဘာတွေ ပြင်ဆင်ထားပါ တော့။ အတိုက်ခံတွေ ဘက်ကလည်း ဘယ်လို ပါဝင်စေချင်ကြောင်း စသည် စသည် ဒီမိုကရေစီ နည်းကျ လမ်းကျ ကတိပေး၊ အသိပေးတာမျိုး လူကြီး လူကောင်း ဆန်မှုမျိုး ဘာသံမှ မကြားရသေးဘူး။ ဒေါက်တာနေဝင်းမောင် တစ်ဦးတည်းကသာ စင်ပေါ်မှာတမျိုး ဂျာနယ်ကတဖုံ၊ စာသင်ခန်းမှာ တသွယ် ပြာသလူးခါ တွန့်လိမ်နေတာကို ရင်နင့်ဖွယ် မြင်တွေ့ကြား သိနေရပါ တော့တယ်။

ဒါကို ကမ္ဘာပတ်ပြီးလည်း ပြောဟောပါတယ်။ တူတာချင်းတွေ ရှာဖွေပါတယ်။ မရတဲ့အဆုံးတော့ ဝန်ကြီး မှုးကြီးတွေရဲ့ သားတွေကိုပါ သူ့ လုပ်ငန်းစဉ်ထဲ ထည့်သွင်း အသုံးချလာပါတယ်။ အခွင့်အရေးပဲ အမြဲကြည့်တတ်တဲ့ ခေတ်ပျက် တောကြောင် စီးပွားရေးသမားတွေကိုပါ သူ့ ပရောဆက်ထဲ ဆွဲထည့်ပါတယ်။ အဆိုးဆုံးကတော့ သာသနာတော် (သံဃာကို ထိတာ သာသနာတော်ကို ထိတာပါဘဲ) ကို ဝါးရင်းတုတ်နဲ့ ရိုက်ခဲ့သူ၊ ဒီပဲရင်းလို အရေးခင်းကို မျက်နှာပြောင်တိုက် မိုက်ရိုင်းခဲ့သူတွေကို ဖိနပ်နဲ့ပေါက်လို့ တတိုင်းပြည်လုံး ကြိတ်ပြီး ကြည်နူးမဆုံး ဝမ်းသာ နေချိန်မှာတောင် သူက ဂျာနယ်ကနေ ဆွေ့ဆွေ့ခုန် နာပြနေပုံက ဒီမိုကရေစီ အမြင်ကြွယ်ဝသူကြီးရဲ့ ပုံမပေါက် တော့ဘူး။ ကျွန်တော်တို့ ငယ်ငယ်က ဂျပန် ကင်ပေတိုင် ကားတွေထဲက အလိုတော်ရိ တစ်ယောက်ပုံ ပေါက်နေပြီဆိုတာရော ဒေါက်တာအပါဝင် ဒေါက်တာ့ ဂျာနယ်ဝင်လူများ အားလုံး တဦးချင်းစီရော၊ အစုအသင်းလိုက်ပါ မှန်ရှေ့ မတ်မတ် ရပ်ပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့ အချိန်တန်ပါပြီ။ ရှက်တတ်ရင် သေလို့ရပါပြီ။ ဒေါက်တာတို့ဂျာနယ် အနေနဲ့ လွတ်လပ်စွာ တင်ပြခွင့်ကို အလေးထားတယ်ဆိုရင် ပြောလို့ရတာ တစ်ခုက “….. ဖိနပ်နဲ့ ပေါက်တဲ့သူတွေ လွန်တယ်။ နောက်မလုပ် သင့်ပါဘူး။ ဝါရင်းတုတ်နဲ့ရိုက်၊ သေနတ်နဲ့ ပစ်ခဲ့ဖူးသူတွေလည်း ဝန်ချတောင်းပန်လိုက်။ ဒါမှ နှစ်ဦး နှစ်ဘက် နားလည် ခွင့်လွှတ်နိုင်ကြမှာပါ …” လို့ ဂျာနယ်မူဘောင်နဲ့အညီ ရေးပေးပါလားခင်ဗျာ။

ဒေါက်တာ မသိမှာစိုးလို့ ပြောရဦးမယ် မယုံရင် ကျေးလက်တွေ ပြည်သူတွေထဲကို သွားထိုင်ပြီး မြန်မာရုပ်ရှင်ဇာတ် လမ်းတွဲ သွားကြည့် .. အထူးသဖြင့် ပေါ်လစီကားလို့ ခေါ်တဲ့ ပြည်သူ့ဘဏ္ဍာဖြုန်း ဇာတ်လမ်းတွဲတွေမှာ ရဲတို့၊ စစ်သားတို့နဲ့ ရန်သူလို့ သူတို့ တင်ပြ၊ ရိုက်ပြတဲ့ လူနဲ့ ဖိုက်ရင်တောင် ပြည်သူက ရန်သူဘက်က တရုန်းရုန်း အားပေးနေကြတယ်ဆိုတာ ဒေါက်တာ သူတို့နဲ့အတူတူ သွားထိုင်ကြည့်ရင် တွေ့ရပါလိမ့်မယ်။ ဟိုတယ်ပေါ်မှာချည်း အင်တာနက်ထိုင် ကြည့်မနေပါနဲ့လို့ ထပ်မံအသိပေးချင်ပါတယ်။ အထူးဖြင့် ဒေါက်တာ အောက်ခြေလွတ်တာက ပုံပြင်ထဲက ဘုရင်ကြီး ဘုန်းကံရှိမှ မြင်ရမယ်ဆိုတဲ့ ပုဆိုးမျိုးဝတ်ပြီး ပလ္လင်ပေါ် တက်သလိုဖြစ်နေပြီ…။ သေသေချာချာ ပုဆိုးဝတ်ပြီး တက်ပါဦး ဒေါက်တာနေဝင်းမောင်ရယ်။

နေရာတိုင်း အပြောင်းလဲတိုင်းမှာ ညီညွတ်မျှတတဲ့ Trinsitional Period တစ်ခုရှိရမယ်။ အဲဒီကာလဆိုတာ အားလုံး မျက်နှာဆုံညီ တစ်ဦးကို တစ်ဦး သည်းခံခွင့်လွှတ်ရေး စေ့စပ်ညှိနှိုင်း တောင်းပန်စကား ဆိုရမှာပါ။ အဲဒါမှ ဒီမိုကရေစီအဖြစ် ရပ်တည်ချိန်မှာ ခိုင်မာမှန်ကန်ပြီး အာဃာတ ကင်းကင်း ဆက်သွားနိုင်မှာပါ။ မကျက်သေးတဲ့ အနာတွေ၊ မပျောက်သေးတဲ့ အမာရွတ်တွေကို ခြေအိတ် အသစ် ဇွတ် အတင်းစွပ်ပြီး ဖုန်းဖိ လျောက်ခိုင်းနေရင် ခံရသူမှာ ထော့ကျိုး ထော့ကျိုးနဲ့ မသက်မသာ ရှိမှာဖြစ်သလို ခြေအိတ်မှာလည်း ပြည်တစိုစိုကြီး ဖြစ်ပြီး ရွံစရာအတိ ပြီးနေပါ့မယ်။ ဒေါက်တာ တကယ်လုပ်ရမှာက ကွန်စတီကျူးရှင်းကို ထောက်ခံခိုင်းရေး မဟုတ်ပါဘူး။ စေ့စပ်ညှိနှိုင်းဆွေး နွေးရေးပါ။

တဖက်သက် ယုံကြည်မှု တည်ဆောက်ရေး လျောက်အော်နေလို့ မရဘူးလေဗျာ။ ဒေါက်တာသိပ် ကြောက်တဲ့ နအဖ (ဒေါက်တာ့အပြောရ တပ်မတော်အစိုးရ) ဘက်ကိုလည်း လှည့်ပြောကြည့်ပါဦး လုပ်မလားလို့။ ဒေါက်တာအနေနဲ့ မလုပ်ရဲတဲ့ အလုပ်ဆိုတာလည်း သေချာတာပေါ့…။

ဒေါက်တာနေဝင်းမောင်အနေနဲ့ ဆင်ခြင်သုံးသပ် လေ့လာသင့်တာက နအဖစစ်အစိုးရရဲ့ စကားတွေ၊ လုပ်ရပ်တွေကို တဖက်သတ် တစ်ဦးတည်း ပြည်ဖုံးခါးချပြီး ကိုယ့် ဇာတ်တူသားစားရင် သမိုင်း မလှနိုင်သလို ရေရှည်အောင်ပွဲကိုလည်း လက်လွှတ်ရပါလိမ့်မယ်။ တကယ် ခံစား နာကျင် ရဦးမှာက ပြည်သူပါဘဲ။ ဘယ်ငတေမာမာ ပြည်သူဟာ ရင်ကွဲနာနဲ့ ခါးစည်းခံရတာပါ။ ဒေါက်တာလာလာ၊ စစ်သားလာလာ ရွာနာပြီး ရင်ကွဲရတာက ပြည်သူပါ။ ကျွန်တော်ဟာ ပြည်သူတစ်ယောက်အနေနဲ့ ကနောင်မင်းသားကြီး စုံစမ်းရေး ထွက်စဉ်က လယ်သမားကြီးလို ဘယ် မအေဘေးမှ မကောင်းပါဘူးကွာလို့ မဆဲချင်တာတော့ အမှန်ပါ။ ပြည်သူတွေရဲ့ အသံဟာ ဆက်လက်တိတ်ဆိတ် နေရဆဲဆိုတာ ဒေါက်တာ့ကို ထပ်မံအသိပေးလိုက်ပါတယ်။

သစ္စာတရားဖြင့်
သီဟငယ်
၁၆.၁၀.၂၀၀၉
ခေတ္တ-ရန်ကုန်။

Saturday 7 November 2009

သံဝေဂတရားရယူနိုင်သည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင်ဖြစ်ရပ်။

၎-၁၁-၂၀၀၉ ရက်နေ့က နာမည်ဆိုးနဲ့ ကမ္ဘာကျော်လှတဲ့ အင်းစိန် အကျဉ်းထောင်မှာ သေဆုံးသွားတဲ့ နိုင်ငံ ခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို နိုင်ငံခြားရေးဝန်ထမ်းဟောင်း တဦး၏ မေတ္တာရပ်ခံချက် အရ ရေးသားတင်ပြအပ်ပါတယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်မကြိုင်တို့ရဲ့ သမီးနှစ်ဦးဖြစ်တဲ့ မပြုံးပြုံးရွှေနဲ့ မသန္တာရွှေတို့ နှစ်ဦးဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘာအလုပ်မှလုပ်စရာ မယ်မယ်ရရမရှိဘဲ အလုပ် ခန့်ထားခံခဲ့ရပါတယ်။ အလားတူ အခြားစစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ အတော်များများဟာလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဝင်ရောက် လုပ်ကိုင်လာကြပါတယ်။ အကြောင်းကတော့ နိုင်ငံရပ်ခြားရှိ မြန်မာသံရုံးတွေမှာ သွားရောက်တာ ဝန်ထမ်းဆောင်နိုင်ဘို့ပါ။

မူလကတည်း အရည်အချင်း မရှိမှန်းသိကြပေမဲ့ အာဏာရှင်တွေရဲ့ အမိန့်တွေကို မလွန်ဆန်ရဲကြတာကြောင့် အရည်အချင်းပြည့်မှီပြီး တဆင့်ပြီးတဆင့် တာဝန်ထမ်းဆောင်ရင်း စာမေးပွဲဖြေဆို အောင်မြင်လာကြတဲ့ ဝန်ထမ်းကောင်းတွေထက် အာဏာရှင် သားသမီးတွေကို ဦးစားပေး စေလွှတ်ခဲ့ရပါတယ်။

“ဦးဝင်းအောင်” နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ်ကာလ တပ်ချုပ်ကြီးရဲ့ သမီးကြီး ပြုံးပြုံးရွှေမှာ ဂျနီဖာရှိ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်နေပြီး သမီးငယ် သန္တာရွှေမှာ ပီကင်းရှိ မြန်မာသံရုံးတွင် တာဝန် ထမ်းဆောင်လျှက်ရှိပါတယ်။ တပ်ချုပ်ကြီးကတော် ဒေါ်မကြိုင်က အဲဒီ သမီးနှစ်ယောက်စလုံးကို စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ ရာထူးတိုးမြင့် ပြောင်းရွှေ့တာဝန်ပေးရန် ဝန်ကြီးဦးဝင်းအောင်အား ညွှန်ကြားခဲ့ပါတယ်။

ဝန်ကြီး ဦးဝင်းအောင်က သမီးနှစ်ဦးအား တပြိုင်တည်း ပြောင်းရွှေ့တာဝန်ပေးပါက အများ ဝေဖန်ခံရမှာ စီုးရိမ် တာကြောင့် အကြီးမဖြစ်တဲ့ ပြုံးပြုံးရွှေတဦးကိုသာ ပြောင်းရွှေ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ သမီးငယ်ဖြစ်သူကို ကာလ အတန်ကြာစောင့်ပြီးမှ ပြောင်းရွှေ့ပေးမယ်လို့ ဆုံးဖြတ်စီစဉ်ခဲ့ပါတယ်။

သမီးကြီး ပြုံးပြုံးရွှေရဲ့ အမိန့်စာထုတ်ပြန်ပြီး မကြာခင် ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့အတူ ဝန်ကြီး ဦးဝင်းအောင်ဟာ အာစီယံအစည်းအဝေး တက်ရောက်ဘို့ ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တပ်ချုပ်ကြီးကတော် ဒေါ်မကြိုင်တယောက် သူ့အမိန့်ကို မလိုက်နာတဲ့ ဝန်ကြီး ဦးဝင်းအောင်အပေါ် ဒေါသပုန်ထပါတော့တယ်။

ခရီးစဉ်က ပြန်ရောက်ရောက်ခြင်း ဝန်ကြီးဦးဝင်းအောင်ကို တာဝန်မှာ ရပ်ဆဲ အလုပ်ထုတ်ခဲ့ပါတော့တယ်။ ဝန်ကြီး ဦးဝင်းအောင်က သူ့ရည်ရွယ်ချက် အစစ်အမှန်ကို ဗိုလ်ချုပ်ကြီး ခင်ညွှန့်အပါအဝင် သက်ဆိုင်ရာပုဂ္ဂိုလ် တွေကို နည်းမျိုးစုံနဲ့ရှင်းပြပြီး ဒေါ်မကြိုင်အား ရှင်းလင်းတင်ပြပေးပါရန် တောင်းပန်ခဲ့ပေမဲ့ အရာမရောက်ခဲ့ တော့ပါဘူး။ ဒေါ်မကြိုင်ရဲ့ တချက်လွှတ် အမိန့်ကြောင့် သူ့ရဲ့တောင်းပန်ချက်ကို ဗိုလ်ချုပ်ခင်ညွှန့်လည်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

ဒေါ်မကြိုင်ရဲ့ အမုန်းတရားက အဆုံးမသတ်သေးပါဘူး။ ဦးဝင်းအောင်ကို ထောင်ထဲအထိ ပို့ဘို့ကြံရွယ်ပါတယ်။ ဦးဝင်းအောင်က ပွဲစားကတဆင့် မိမိတရားဝင် ပိုင်ဆိုင်ထားတဲ့ ကားတစင်းကို ရောင်းချထားခဲ့ပါတယ်။ ဒါပေမဲ့ ပိုင်ရှင်အမည် မပြောင်းလဲရသေးပါဘူး။ ဒါကို စုံစမ်းသိရှိထားတဲ့ ဒေါ်မကြိုင်က အခွင့်ကောင်းယူပြီး ကြံစည်ပါ တော့တယ်။

ရှမ်းပြည်ဘက်မှာ ဘိန်းဖြူ သယ်လာတဲ့ ကားတစင်းကို ဖမ်းမိလို့စစ်ဆေးရာ ကားပိုင်ရှင်မှာဝန်ကြီး ဦးဝင်းအောင် ရောင်းချထားသော ကားဖြစ်နေပြီး ဆက်လက်စစ်ဆေးရာ အဆိုပါကားမှာ တရားမဝင်တဲ့ ကားအဖြစ် စစ်ဆေးတွေ့ရှိကြောင်း လုပ်ကြံဇာတ် ဖန်တီးခါ ဦးဝင်းအောင်ကို ထောင်ဒဏ် (၇) နှစ်ကျခံစေပြီး အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပါတော့တယ်။

ဦးဝင်းအောင်ဟာ တပ်မတော် ထောက်လှမ်းရေးမှာ ဗိုလ်မှူးအဆင့် တာဝန်ထမ်းဆောင်ခဲ့ခါ ဂျာမဏီနဲ့ အင်္ဂလန်ရှိ မြန်မာသံရုံးမှာ သံအမတ်ကြီး အဆင့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် နှိုင်းယှဉ်ပါက အလွန် အရည်အချင်း သာလွန်သူဖြစ်ကြောင်း သံတမာန်လောကမှ အသိအ မှတ်ပြု လက်ခံထားကြပါတယ်။

(စစ်အာဏာရှင်ခိုင်းသမျှ မှန်မှန်မှားမှား တာဝန်ယူဆောင်ရွက်ပေးနေကြသူတွေအားလုံး ဒီဖြစ်အပျက်ကနေ အမှန်ကိုသိမြင်ကြပြီး သံဝေဂတရားရယူနိုင်ကြပါစေ။)

လေးစားစွာဖြင့်၊
သူရဲကောင်း။

၂၄၅ နှစ် ကြာ ခေတ်နောက်ပြန် စီမံကိန်း



ဧရာဝတီ မှာ ပါတဲ့ "စက်မှုနိုင်ငံ ထူထောင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆို" ဆိုတဲ့ သတင်း ဆောင်းပါး ဖတ်ပြီး ပြောချင်တာတွေ စိတ်ထဲ ရောက်လာပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က မြန်မာပြည်ကို လာတဲ့ အခါ .. နိုင်ငံရေး အတွက် လိုအပ်တဲ့ စကားတွေ ပြောဖို့ ရှိလာတာကို နိုင်ငံရေးအရ ပြောင်းလဲလိုတဲ့ ဆန္ဒမရှိတဲ့ သန်းရွှေက လူမူရေး ကိစ္စတွေပဲ စိတ်ဝင်စားသလိုလို လုပ်ပြီး ဧရာဝတီတိုင်းကို သွားလည်တယ် ဆိုပြီး အကြောင်းပြ ရှောင်ခဲ့တာကိုတော့ အားလုံး အသိပါပဲ။

အဲဒီ အချက်နဲ့တင် တိုင်းပြည်အပေါ်မှာ စေတနာမရှိ၊ နိုင်ငံရေး မပြောင်းလဲလိုပဲ .. ငါလုပ်ချင်ရာ လုပ်မယ် .. ဆိုတဲ့ သန်းရွှေရဲ့ ပေါ်လစီကို ထင်းထင်းကြီးမြင်နေရတာပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက် ဘာလဲဆိုတာ ကြိုတင်ပြီး သေချာတဲ့ သက်သေပြချက် တစ်ခု အဖြစ် ထပ်ပေါင်းထည့်ရုံပါ။

အန်ကယ် ဦးဝင်းတင်ကလည်း နအဖက လိမ်တာ များနေလို့ ယုံဖို့ကတော့ ခက်တယ်လို့ ဆိုခဲ့ပါတယ်။ .. လက်နက်ကိုင် အကြမ်းဖက် စစ်အုပ်စု နအဖက တိုင်းပြည်နဲ့ လူမျိုးအပေါ် ကောက်ကျစ်ခဲ့တာ၊ နိုင်ငံတကာ မိသားစု အပေါ် အမျိုးမျိုး လိမ်လည်ခဲ့တာတွေက ဒုနဲ့ ဒေး ဆိုတော့ အခု အမေရိကန် ကြိုးစားမှုကိုလည်း သန်းရွှေက စိတ်ထဲတောင် မထားဘူး။ ဆက်လိမ်နေဦးမှာပါပဲ။ .. ငါ လိမ်ချင်သလို လိမ်လို့ရအောင် ကြိုတင်ပြင်ဆင်မယ် .. ဆိုတဲ့ အဆင့်အတန်းမရှိ ယုတ်မာတဲ့ အတွေးနဲ့ အရှောင်ခရီး ထွက်တာ ခဲ့တာပါ။

သူက သွားချင်ရာ သွားရှောင်ပြီး အရေးကြီးတဲ့ နိုင်ငံရေးကို တပ်တွင်းက လူတွေနဲ့ လွှတ်ပေးခဲ့တယ်။ အဲဒီမှာ အမှားအယွင်း တခုခု ဖြစ်လာရင် အမေရိကန်တွေနဲ့ တွေ့ခဲ့တဲ့ လူတွေ(တပ်တွင်းက လူတွေ)ကို ဖြုတ်၊ ထုတ်၊ သတ် လုပ်လို့ရအောင် ကြိုပြင်ခြင်းပေါ့။

ခရီးက အပြန် ရှောင်နေတာကို လူမသိအောင်၊ (အထူးသဖြင့် တပ်တွင်းက လူတွေ) အတွက် ခုန အကြံကို မရိပ်မိအောင် ပြောစရာ စကား ရှာပါတော့တယ်။

အခြားလူတွေက ပြည်သူလူထုနဲ့ အဓိက နီးစပ်တာတွေ မလုပ်ဘူး။ နိုင်ငံရေးတွေ လုပ်၊ နိုင်ငံခြားက လူတွေနဲ့ တွေ့ .. အဲဒါတွေကိုပဲ စိတ်ဝင်စားတယ်။ ငါက ပြည်သူလူထုအတွက် တိုက်ရိုက် ထိစပ်ပြီး ပြည်သူတွေ အကျိုးရှိမှာတွေကိုပဲ လုပ်တယ် ဆိုပြီ (သူ့မြေး အကြံပေးချက် ဖြစ်နိုင်ချေရှိသော) "စက်မှု နိုင်ငံထူထောင်မယ်" လို့ အားရဝမ်းသာစွာ ကြွေးကြော်လိုက်တော့တာပါပဲ။

နိုင်ငံနဲ့ ပြည်သူအတွက် အားရစရာ ...... ။

အဲလို အရမ်းထက်မြက်၊ တိုးတတ်တဲ့ အတွေးအခေါ် ရှိတဲ့ ခေါင်းဆောင်ကို ရထားတဲ့ တပ်မတော် အတွက်လည်း ဂုဏ်ယူစရာပေါ့။ တပ်မတော်အတွင်းက ရှိရှိသမျှသော တပ်မှုး တပ်သား အပေါင်းတို့ ခင်ဗျာ ... အလွန်ထက်မြတ် ဥာဏ်ပညာ ကြီးမြတ်တော်မူသော မိမိတို့၏ ဆောင်းဆောင်ကြီး သန်းရွှေက တပ်မတော်ကို ခေါင်းဆောင်နေတာကို ဂုဏ်ယူကြပါ ကုန်လော့ ... ဟု .. ဟစ်ကြွေးချင်စရာ ပေါ့။

ဘာကြောင့်လည်း ဆိုတော့ ဒီနေ့ ခေတ်ဟာ ၂၁ ရာစု၊ .... နည်းပညာ ခေတ် ပါ။

စက်မှု တော်လှန်းရေး၊ စက်မှု ခေတ်၊ စက်မှု နိုင်ငံ ဆိုတာ ၁၈ ရာစုက သူများနိုင်ငံတွေမှာ လုပ်ပြီးခဲ့ပြီး ဒီနေ့ ခေတ်ရဲ့ တိုးတတ်နေတဲ့ နိုင်ငံတွေမှာ စက်မှု နိုင်ငံတော်နဲ့ ချီတတ်နေပါတယ်လို့ မပြောကြတော့ပါဘူး။ စက်မှုစနစ်ကြောင့် ထွက်ရှိလာတဲ့ ဆိုးကျိုးတွေကို တွေကို ရှောင်ဖို့ လုပ်နေကြတာပါ။

wikipedia မှာ ပြောထားတဲ့ စက်မှု တော်လှန်ရေး ဆိုတာ ..

The Industrial Revolution was a period from the 18th to the 19th century where major changes in agriculture, manufacturing, mining, and transport had a profound effect on the socioeconomic and cultural conditions in the United Kingdom. The changes subsequently spread throughout Europe, North America, and eventually the world. The onset of the Industrial Revolution marked a major turning point in human history; almost every aspect of daily life was eventually influenced in some way.

(၁၈ ရာစုနှင့် ၁၉ ရာစု အကြားကာလများတွင် လမ်းပမ်းဆက်သွယ်ရေး၊ ရေနံနှင့် သတ္တု တူးဖေါ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း စတဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေကနေ လူမှုစီးပွားရေး အတွေးအမြင် တွေပေါ် အခြေခံပြီး ဗြိတိန်နိုင်ငံကနေ စတင်၍ စက်မှုတော်လှန်ရေး ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုနောက် ဥရောပနိုင်ငံများ၊ မြောက်အမေရိကား နဲ့ အခြား ကမ္ဘာ့နိုင်ငံတွေကို ပျံနှံသွားပါတော့တယ်။ စက်မှုတော်လှန်ရေးဟာ လူသားတွေရဲ့ နေ့စဉ် ဖြတ်သန်းမှု လူ့ဘဝနဲ့ လူသားသမိုင်းကို ပြောင်းလဲစေခဲ့တဲ့ အဓိက အမှတ်အသား ဖြစ်ပါတယ်။)

ကဲ ..
တပ်မတော်ရဲ့ တပ်ချုပ်ကြီးကတော့ အဲဒီ ၁၈ ရာစုရဲ့ အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုကို ၂၁ ရာစုရဲ့ မြန်မာနိုင်ငံတော်မှာ စတင် အသုံးပြုဖို့ကို ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းပြီး ကမ္ဘာ့ ရေစီးနှင့်(၂၄၅ နှစ် နောက်ကျ၍) ထပ်တူပြုနိုင်ရန် သမိုင်းဝင် စကားကို ၂၀၀၉ ခုနှစ်မှာ စတင်ပြောဆိုပါတော့တယ်။ (ကမ္ဘာ့ မှာ စက်မှု နိုင်ငံတော်တွေ ပထမဆုံး စတင်တည်ထောင်မှုဟာ ၁၇၆၀ ကနေ ၁၈၃၀ ခုနှစ် ကာလ အတွင်းမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။)

အခြားနိုင်ငံက နိုင်ငံခေါင်းဆောင်တွေကတော့ သန်းရွှေ ခပ်တည်တည်နဲ့ ပြောနေတာကို ကြည့်ပြီး တခွီခွီ ရီနေကြမှာ အမှန်ပါပဲ။

အော် .... ခေါင်းဆောင် အရည်အချင်း အပြည့်အဝ ရှိသော တပ်မတော် ခေါင်းဆောင်ကြီး သန်းရွှေရဲ့ ၂၄၅ နှစ် ကြာ ခေတ်နောက်ပြန် စီမံကိန်းကြီးကို ခေတ်မီ မြန်မာ့ တပ်မတော် သားများနှင့်အတူ ကြိုဆိုကြပါစို့။

ကိုထိုက်

Tuesday 3 November 2009