Wednesday 31 March 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီ မှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အပေါ် ထောက်ခံချက်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီ မှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အပေါ် ထောက်ခံချက်

၂၀၁၀ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုဦးစီး အစည်းအဝေးက အာဏာသိမ်းစစ်အုပ်စု(နအဖ)မှ ထုတ်ပြန်သည့် တရားနည်းလမ်းမကျသော ရွေးကောက်ပွဲ ဥပဒေများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီ မှတ်ပုံမတင်ရေးကို ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ခြင်းသည် ပြည်သူလူထု၏ ဦးဆောင်ပါတီပီသစွာ ပြည်သူဘက်က ရပ်တည်၍ သမိုင်းဝင်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ဆုံးဖြတ်ချက်အပေါ်တွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ(ယူကေ)မှ အပြည့်အဝ ထောက်ခံပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အရ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များ အားလုံးကိုလည်း မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ(ယူကေ)မှ ဆက်လက်၍ ဝန်းရံ သွားကြမည်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းပြည်နှင့် ပြည်သူလူထု၏ အကျိုးအတွက် …

  • တရားနည်းလမ်းကျသော ဥပဒေဘောင်အတွင်းမှ တောင်းဆိုခြင်း၊
  • နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းများဖြင့် အဖြေရှာခြင်း၊
  • တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန်ကြိုးစားခြင်း

စသည့် ငြိမ်းချမ်းသော နည်းပေါင်းစုံဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

သို့ရာတွင် နိုင်ငံရေးပြဿနာများကို တရားဥပေဒေဘောင်အတွင်းမှ နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာခြင်းများကို နအဖ စစ်အုပ်စုမှ …..

  • တရားလက်လွတ် ဥပဒေပြင်ပ အကြမ်းဖက်သောနည်းများဖြင့် ဖြေရှင်းခြင်းများ၊
  • မြန်မာနိုင်ငံ၏ တရားဥပဒေ စနစ်ကို ဖျက်ဆီးခြင်း၊
  • ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုချက်များကို ငြင်းပယ် လျှစ်လှူရှုခြင်း

စသည်တို့ကို အကြိမ်ကြိမ်ပြုလုပ်လျှက် ပြည်သူလုထု၏ အကျိုးပျက်စီးရာ၊ ပျက်စီးကြောင်းများကို ဦးတည် ဆောင်ရွက်လျှက်ရှိသည်။

ထိုကြောင့် အာဏာသိမ်း စစ်အုပ်စု နအဖကို ဆန့်ကျင်ရာတွင် မတရားသည့် ဥပဒေများကို တိုက်ပွဲ ပုံသဏ္ဍာန်မျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် တော်လှန်တိုက်ပွဲဝင်သွားကြမည်ဟု ဆုံးဖြတ်ကာ ပြည်သူလူထုအားလုံးမှ တညီညွတ်တည်း ပူးပေါင်းပါဝင် ကြပါရန် တိုက်တွန်းလိုက်ပါသည်။

မြန်မာနိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ


Tuesday 30 March 2010

ဒီမိုကရေစီဘက်တော်သားတို့အတွက် မြန်မာနိုင်ငံက အဆုံးအဖြတ်အခါသမယ


ဒီမိုကရေစီဘက်တော်သားတို့အတွက် မြန်မာနိုင်ငံက အဆုံးအဖြတ်အခါသမယ

ဦးဝင်းတင်

၃၀ မတ် ၂၀၁၀

မြန်မာပြည်ကစစ်အစိုးရဟာ ကျနော်တို့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ဆက်လက်ရပ်တည်လှုပ်ရှား မယ် မလှုပ်ရှားဘူးဆိုတာနဲ့ပတ်သက်ပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်တရပ် ချဖို့အခြေ ဆိုက်စေခဲ့ပါတယ်။

နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီလို့ ခေါ်တဲ့ အာဏာရဗိုလ်ချုပ်တွေဟာ ဒီလထဲမှာ မတရားတဲ့ ရွေး ကောက်ပွဲဥပဒေတစုံကို ထုတ်ပြန်ခဲ့ပြီး ကျနော်တို့ပါတီကို ရွေးကောက်ပွဲကော်မရှင်မှာ ရက် ၆၀ အတွင်း အသစ်ပြန်မှတ်ပုံမတင်ရင် ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ကျနော်တို့ဟာ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာတဲ့သဘာဝကို သိထားပါတယ်။ သူချမှတ်တဲ့ရွေးကောက်ပွဲဥပဒေတွေဟာ တရားမျှတမှု စိုးစဉ်းလောက်ပြလိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ စစ်အစိုးရဟာ အဲဒီဥပဒေတွေသုံးပြီး ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို နိုင်ငံရေးလုပ်ငန်းကနေ ဖယ်ထုတ်ပစ်လိမ့်မယ်လို့လည်း မမျှော်လင့်မိခဲ့ပါဘူး။ စစ်အစိုးရဟာ ပါတီအားလုံးပါဝင်တဲ့ ပွင့်လင်းမြင်သာ လွတ်လပ် တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုချက်ကို လျစ်လျူရှုလိုက်ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆန္ဒကို အာခံလိုက်ပြန်ပါပြီ။

နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေက နိုင်ငံရေးအကျဉ်းသားအားလုံးကို မဲပေးခြင်း၊ ယှဉ်ပြိုင်ခြင်း၊ နိုင်ငံရေးပါတီထောင်ခြင်း ဒါမှမဟုတ် ပါတီဝင်ဖြစ်ခြင်းတို့အားဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်မှုကို ပိတ်ပင်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ့်ပါတီဝင်အဖြစ် ရှိမနေအောင် ပါတီတွေက အာမခံရမှာဖြစ်ပြီး နိုင်ငံ့ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာ စောင့်ရှောက်ပါ့မယ်၊ ရွေးကောက်ပွဲဥပဒေတွေကို လိုက်နာပါ့မယ်ဆိုတဲ့ ခံဝန်ချက်ကိုလည်း လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲကိုလည်း မဖြစ်မနေ ဝင်ပြိုင်ဖို့လိုပါတယ်။ ဒီကန့်သတ်ချုပ်ချယ်ချက်တွေကို လိုက်နာဖို့ပျက်ကွက်ရင် ပါတီဖျက်သိမ်းခံ ရမှာဖြစ်ပါတယ်။

ကျနော့်အတွက်တော့ ဆုံးဖြတ်ရတာ လွယ်ကူရိုးစင်းလှပါတယ်။ ဒါကတော့ ဘူး ဆိုတာပါဘဲ။ ကျနော်တို့ဟာ ဖောက်ပြန် ခြစားပြီး မတရားတဲ့ ဒီတရားရေးစနစ်အောက်မှာ အကျဉ်းချခံနေရ အကျဉ်းချခံခဲ့ရဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေကို မထုတ်ပစ်နိုင်ပါဘူး။ သူတို့မပါရင် ကျနော်တို့ပါတီဟာ အလကားဖြစ်သွားပါလိမ့်မယ်။ သူတို့ဟာ ဒီမိုကရေစီနဲ့ တရားဥပဒေ အာဏာပိုင်စိုးမှုကို ယုံကြည်လို့ ထောင်ထဲရောက်နေတာဖြစ်ပါတယ်။ ယုံကြည်လက်ခံလောက်ဖွယ် ဒီမိုကရေစီလုပ်ငန်းဖြစ်ဖို့ဆိုရင် သူတို့ကို ချက်ခြင်းလွှတ်ပေးပြီး ဗမာပြည်ရဲ့ နိုင်ငံရေးလုပ်ငန်းထဲ ပါဝင်ဆောင်ရွက်စေဖို့လိုပါတယ်။

ထာဝရ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်ဖို့ ရည်ရွယ်ပြီး စစ်အစိုးရ တဖက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ကျနော်တို့ လက်မခံပါဘူး။ ဒီအခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒခံယူပွဲကို ၂၀၀၈ ခု နာဂစ်မုန်တိုင်းအပြီးမှာ ကျင်းပခဲ့ပြီး အဓမ္မဖိအားနဲ့ မသမာမှုနဲ့ "အတည်ပြုခဲ့"တာ ဖြစ်ပါတယ်။ ကျနော်တို့ရည်မှန်းချက်ကတော့ ဒီအခြေခံဥပဒေအတုအယောင်ကို ပယ်ချပစ်ပြီး အားလုံးပါဝင်တဲ့ စစ်မှန်တဲ့နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုကတဆင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တရားဥပဒေ အာဏာပိုင်စိုးမှုနဲ့ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှမှု ကိုအာမခံမယ့် အခြေခံဥပဒေတရပ် ဖန်တီးဖို့ဖြစ်ပါတယ်။ အတု အယောင်အခြေခံဥပဒေကို လိုက်နာပါ့မယ်လို့ ကျနော်တို့ ခံဝန်ချက်မထိုးနိုင်ပါဘူး။ ဒီလုပ်ငန်းကနေ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွက် လာမှာမဟုတ်ပါဘူး။

အဖွဲ့အစည်းတခုအဖို့ ဒီလိုဆုံးဖြတ်ချက်မျိုးချနိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သူမပါတီ ရွေး ကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ "စဉ်းတောင်မစဉ်းစားဘူး" လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီကို သက်ဝင်ယုံကြည်တဲ့ ခေါင်းဆောင်တယောက်ပီပီ ပါတီကဘဲ ကိုယ့်ဖာသာကိုယ် ဆွေးနွေးဆုံးဖြတ်ဖို့ကို အလေးပေးခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ ကျနော့်ရဲဘော်အားလုံးက ဒီမတရားမှုတွေကို အတူတကွရင်ဆိုင်ဖို့ သဘောတူခဲ့ကြပါတယ်။

တချို့ကတော့ ကျနော်တို့ပါတီ ဆက်လက်ပြီး တရားဝင်အနေအထားရှိဖို့ ပိုအရေးကြီးတယ်လို့ ယူဆကြပါတယ်။ သူတို့စဉ်း စားချက်အရ ကျနော်တို့ပါတီ တရားမဝင်ဖြစ်သွားရင် မြန်မာနိုင်ငံပြည်သူတွေအတွက် ဘယ်လိုအလုပ်လုပ်နိုင်တော့မှာလဲတဲ့။ ကုလ သမဂ္ဂနဲ့ တချို့နိုင်ငံတွေကလည်း စစ်အစိုးရကို ဒီမတရားဥပဒေတွေ ပြောင်းလဲပေးဖို့ ပန်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ ရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမှာပါဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းဟာ ဗမာပြည် အခြေအနေ ဆွေးနွေးနိုင်အောင် သူ့ရဲ့ "မြန်မာ့မိတ်ဆွေများအုပ်စု" အစည်းအဝေးတခု ခေါ်ယူကျင်းပခဲ့ပါတယ်။ အမေရိကန်အစိုးရ ဟာ ကျနော်တို့တိုင်းပြည်ထဲက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေးရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ "စုံစမ်း ရေးကော်မရှင်"တရပ်ကို ကုလသမဂ္ဂကနေထူထောင်ဖို့ အကြံပြုချက်အပါအဝင် ကုလ အထူးစုံစမ်းရေးသမား တောမတ်စ်အိုဟေး ယားကွင်တားနား မကြာခင်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ အကြံပြုတိုက်တွန်းချက်တွေကို "အလေးအနက်စဉ်းစား" နေတယ် လို့လည်း ကျနော်တို့ကြားရပါတယ်။ ဒီလိုနောက်ကွယ်က နိုင်ငံတကာ့အသံတွေရဲ့ ထောက်ခံအားပေးမှုနဲ့တင် မလုံလောက်နိုင်ပါ။ နိုင်ငံတကာ့အသံတွေ ကြေညာချက်တွေကို ဗမာပြည်နိုင်ငံရေးအကျပ်အတည်း ပြောင်းလဲပစ်ဖို့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေနဲ့ အားမဖြည့်တဲ့အတွက် ကျနော့်ရဲဘော်တွေ ပူပန်ကြောင့်ကြမိတာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။

ကျနော်တို့ပါတီဟာ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီအတွက် အသက်ပေးလှူသွားခဲ့ကြသူတွေရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ဖို့ဆိုတဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ၁၉၈၈ ခု ဒီမိုကရေစီရေး လူထုအုံကြွမှုကနေ ပေါက်ဖွားလာ တာဖြစ်ပါတယ်။

ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရခဲ့ပြီး နှစ် နှစ်ဆယ်ကျော်တိုင်အောင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီး ရဲ့ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမတရားတဲ့ ရွေးကောက်ပွဲ"ဥပဒေတွေ"ကို ဒူးထောက်ဖို့ငြင်းဆန်တဲ့အတွက် မကြာခင်မှာ စစ် အစိုးရကနေ ဖျက်သိမ်းတာကို ခံရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲင်အယ်လ်ဒီ ဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါ။ ကျနော် တို့ဟာ ပြည်သူတွေအကြားမှာ ပြည်သူတွေနဲ့အတူ ရှိနေမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်း သားလူမျိုးစုများတန်းတူရေးအတွက် ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။

နိုင်ငံတကာ့အသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့နဲ့အတူ ရပ်တည်ဖို့ ကျနော်မျှော်လင့်ပါတယ်။ နိုင်ငံတကာကအစိုးရတွေဟာ စစ်အစိုးရရဲ့ရွေးကောက်ပွဲနဲ့ ကြိုတင်စီစဉ်ထားတဲ့ရလဒ်ကို လက်မခံကြောင်း ကြေညာဖို့လိုပြီး စစ်အစိုးရအနေနဲ့ ဗမာပြည်အတွက် သိသာထင်ရှားပြီး တိုးတက်တဲ့အပြောင်းအလဲလုပ်ဖို့ ဖိအားပေးသင့်ပါတယ်။ အပြောင်းအလဲဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ခြင်းလွှတ်ပေးတာနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် စစ်ဆင်ရေးတွေ ရပ်စဲတာက အစချီရမှာဖြစ်ပါတယ်။ ဒီနောက် စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ စေ့စပ်ဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီပေါ်ထွန်းရေးအတွက် ငြိမ်းချမ်းစွာအဖြေရှာရမှာဖြစ်ပါတယ်။

ဦးဝင်းတင်

မတ်လ ၃၀ ရက် ၂၀၁၀ ထုတ် ဝါရှင်တန်ပို့စ်သတင်းစာမှ Decision Time in Burma for Democracy's Advocates ဆောင်းပါး

ဦးဝင်းတင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် စတင်တည်ထောင်သူလည်းဖြစ်ပြီး ၁၉၈၉ ခုကနေ ၂၀၀၈ ခုအထိ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပါတယ်။

Monday 29 March 2010

၂၉ ရက်နေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုဦးစည်း အစည်းအဝေး







ဒီနေ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့၏ အောင်ပွဲရတဲ့နေ့ တနေ့ဖြစ်ပြီး .... နအဖ၏ မတရားသော ဥပဒေများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြတ်သားစွာ ဆန့်ကျင်လိုက်တာဖြစ်ပြီး နအဖ၏ ထောင်ခြောက်ထဲမှ ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

ဥက္ကဌ ဦးအောင်ရွှေမှ အစည်းအဝေးသို့ ကျန်းမာရေးအရ သွေးတိုးနေ၍ မတတ်ရောက်နိုင်သော်လည်း .. စာဖြင့် ရေး၍ မိမိ၏ သဘောထားကို ပေးပို့ ဖေါ်ပြလိုက်ပါသည်။ သူ့၏ စာမှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောအတိုင်းပါဟု ရေးထားပါသည်။

ဦးလွင်မှလည်း တတ်ရောက်နိုင်ခြင်း မရှိသော်လည်း သူ၏ သဘောမှာလည်း ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအတိုင်းဟု စာဖြင့် ပေးပို့လိုက်ပါသည်။

ပြည်နယ်နဲ့တိုင်း အားလုံးမှလည်း မှတ်ပုံမတင်ဖို့ကို သဘောတူကြပါသည်။

မနက်ပိုင်းတွင် အစည်းဝေးတက်ရောက်မည့် ကိုယ်စားလှယ်များအား အမျိုးသမီးများက ပန်းကုံးစွပ်ကြိုဆိုကြပါသည်။ တချို့မှလည်း အနက်ရောင်များ ၀တ်လာကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်မှ NO ဟု ရေးထားသော ဘူးသီး (၂) လုံးနှင့် စကား (၆) ခွန်း ကို ၂၇ နေ့တွင် ဦးဥာဏ်ဝင်း တွေ့စဉ် မှာကြားခဲ့ပြီး၊ ဦးဥာဏ်ဝင်းမှ ဖတ်ကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် မှာကြားသော စကား(၆) ခွန်းမှာ ......
  • ၁။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံခြင်း
  • ၂။ ရွေးကောက်ပွဲဥပဒေများသည် ဒီမိုကရေစီမကျ၊ မတရား၍ လက်မခံတာဖြစ်ခြင်း
  • ၃။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းတွင် ဆရာမွေး၊ တပည့်မွေးများ မလုပ်ရန်
  • ၄။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မည်သူမှ ပိုင်ဆိုင်သည် မဟုတ်ခြငး
  • ၅။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပျက်သွားခြင်း မဟုတ်ဟု မှာကြားခြင်းနှင့်
  • ၆။ပြည်သူများမှ ဆက်လက် ပါဝင်ဆောင်ရွက်သွားပါရန် ... စသည်တို့ကို မှာကြားလိုက်ပါသည်။

ဦးတင်ဦးမှလည်း ဒေါ်အောင်ဆန်းစုကြည်၏ သဘောအတိုင်းပဲဟု သဘောထားပေးပြီးနောက် အားလုံးမှ ဝိုင်းဝန်း သဘောတူ၍ မှတ်ပုံတင်ခြင်း ကိစ္စကို မပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

“အကြောက်တရားကင်းသောစိတ်ရှိရာ အရပ်”

ထိုအရပ်၌ စိတ်တို့သည်အကြောက်တရားကင်းပြီး ဦးခေါင်းတို့သည် မော်၍မတ်၍နေ၏။

ထိုအရပ်၌ အသိတရားတို့သည် လွတ်လွတ်လပ်လပ် ကွန့်မြူးလျှက်ရှိကြ၏။

ထိုအရပ်၌ ကမ္ဘာလောကကြီး အစိတ်စိတ်အမွှာမွှာ ကွဲပြားခြင်းဖြစ်စေမည့်
သေးသိမ်ပြီး ကျဉ်းမြောင်းသောဒေသစွဲနံရံများ မရှိပဲနေ၏။

ထိုအရပ်၌ စကားလုံးတို့သည် နက်နဲမှန်ကန်သော သစ္စာတရားမှသာ သန္ဓေတည်ဖြစ်ပေါ်လာကြ၏။

ထိုအရပ်၌ မမောမပန်းနိုင်သော လုံ့လဥဿဟသည် ပြီးမြောက်ပြည့်စုံသော
အခြေအနေသို့ လှမ်းတတ်ကြ၏။

ထိုအရပ်၌ ကြည်လင်သော ဆင်ခြင်တုံတရားတို့သည် အကျင့်ကောင်းတို့မှေးမှိန်ရာ
ခြောက်သွေ့သော ကန္တာရ၌ ပင် လမ်းစဉ်စစ် ကျင့်စဉ်မှန်တို့သည် မပျောက်ပဲ
တည်ကြကုန်၏။

ထိုအရပ်၌ လူသားတို့၏ စိတ်ဓါတ်များ လွတ်လပ်သော အကျင့်ကောင်းများ
ကျယ်ပြန့်ဖြစ်ထွန်းအောင် အဖသ ခင်ကိုယ်တိုင် ဦးဆောင်တော်မူ၏။

အဖသခင် …………………………

ထိုအရပ်၌သာ ကျွန်ုပ်၏ နိုင်ငံတော်သည် နိုးထပါရစေသား။



အိန္ဒိယစာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုး၏ Where the mind is without fear
ကဗျာကို အလင်းဆက်မှ ခံစားပုံဖော်သည်။

၂၈ . မတ်လ . ၂၀၁၀

နအဖ၏ ရွေးကောက်ပွဲအပေါ် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ၏ ဆုံးဖြတ်ချက်

ဒီနေ့ ၂၉ ရက်၊ မတ်လ ၂၀၁၀ မှာ ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှ ... နအဖ ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲ အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ရွေးကောက်ပွဲ မဝင်ရေး သဘောထား ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ချနိုင်ခဲ့ပါသည်။

စုစုပေါင်းတတ်ရောက် အစည်းအဝေး တတ်ရောက်သူ (၁၁၃) ယောက်ရှိပြီး၊ ကန့်ကွက်မဲ မရှိ တညီတညွတ်တည်း ရွေးကောက်ပွဲသို့ မဝင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ဦးဥာဏ်ဝင်းမှ ဒေါ်အောင်ဆန်းစုကြည်မှာကြားခဲ့သော အချက် (၆) ချက်ကို ဖတ်ပြပြီး၊ ....

အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ရွေးကောက်ပွဲ မဝင်ရေး ကြေငြာချက်ကို ဒုဥက္ကဌ ဦးတင်ဦးမှ ဖတ်ကြား အတည်ပြုခဲ့ပါသည်။

ဒီကနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံချုပ် ပတ်ဝန်းကျင် အစည်းအဝေး တတ်ရောက်သူနှင့် အစည်းအဝေး၏ ရလဒ်အတွက် လာရောက် နားထောင်နေသူ စုစုပေါင်း လူ ၄၀၀ ခန့်ရှိကြောင်း သိရပါသည်။

နအဖ၏ လုံခြုံရေးရဲများ အများအပြား တွေ့ရပြီး၊ နအဖဘက်မှ လာရောက်စောင့်ကြည့်သူများမှာ ရဲ၊ ထောက်လှမ်းရေးများ အပါအဝင် လူ ၁၀၀၀ ထောင်ကျော်လောက် ရှိကြောင်း သိရသည်။ နအဖ ဘက်တော်သားများမှာ ပျာယာခတ်နေကြပြီး .... လက်ရှိအချိန်အထိ အဖမ်းအဆီး သတင်းများ မရှိသေးပါ။ ၄င်းအပြင် နအဖဘက်မှ ကိုယ်ထိလက်ရောက် အနှောက်အယှက်များ ပြုလုပ်သည့် ကိစ္စရပ်များလည်း မရှိသေးပါ။

NLD အစည်းအဝေး ကျင်းပသည့် ဓါတ်ပုံများနှင့် ပတ်ဝန်းကျင်တွင် လာရောက်နေကြသော နအဖ ဘက်တော်သားများ၏ ဓါတ်ပုံများကို ရလျှင် . ရရခြင်း တင်ပေးပါ့မည်။

လေးစားစွာဖြင့်
ကိုထိုက်

ထိုကြောင့် မြန်မာပြည်သည် နအဖ စစ်တပ်၏ ကျေးဇူးခံ လုံးဝ မဟုတ်ပေ ....

ဖက်ဆစ်တော်လှန်ရေးနေ့အပြီး (နအဖ အခေါ် တပ်မတော်နေ့အပြီး) မှာ မြန်မာ့သမိုင်းနဲ့ တပ်မတော် သမိုင်းကို ပြန်တွေးမိတယ်။

လက်နက်ကိုင် အကြမ်းဖက်သမား(နအဖ)တွေရဲ့ စစ်သားတွေနဲ့ သမိုင်းကို အမှတ်တမဲ့ ကျော်လွှားဖတ်သွားကြတဲ့ လူတွေရဲ့ ကြားမှာ ...

"မြန်မာ့ လွတ်လပ်ရေးသမိုင်းမှာ ဂုဏ်ရောင်ထွန်းပြောင်ခဲ့တဲ့ တပ်မတော်"
"မြန်မာ့ လွတ်လပ်ရေးကို တပ်မတော်က အရယူပေးခဲ့သည်"
လို့ဆိုတဲ့ အယူတွေ ဖြစ်နေတာ တွေ့ရပါတယ်။

တကယ်တန်း သေချာ တွေးကြည့်ပါ။ မြန်မာပြည် လွတ်လပ်ရေး အရယူခဲ့တဲ့ သမိုင်းမှာ တပ်မတော်ဆိုတာ မရှိဘူး။ "တပ်မတော်က မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့တာ မဟုတ်ပါဘူး"။

"နိုင်ငံရေးသမားတွေ၊ သခင်တွေ၊ ကျောင်းသားခေါင်းဆောင်းတွေက မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့တာသာဖြစ်ပါတယ်"။

အင်္ဂလိပ်နယ်ချဲ့ လက်အောက်ခံ ဖြစ်သွားပြီးကတည်းက မြန်မာနိုင်ငံမှာ တပ်မတော်(စစ်တပ်) ဆိုတာ မရှိတော့ဘူး။

နယ်ချဲ့ ဆန့်ကျင်ရေး သမိုင်း တလျှောက်မှာလည်း တပ်မတော်(စစ်တပ်) ဆိုတာ မရှိဘူး။

ဥပမာ .. နယ်ချဲ့ ဆန့်ကျင်ရေးအတွက် အစောဆုံးနဲ့ လူထုတရပ်လုံး ပါဝင်ခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲအတွက် ပျိုးကျဲပေးခဲ့သောလှုပ်ရှားမှုတစ်ခု ဖြစ်တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ တပ်မတော်(စစ်တပ်) ဆိုတာ မရှိပါ။ သခင်တွေ၊ ရေနံမြေ သပိတ် အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ ပြည်သူလူထုတွေပဲ ရှိတယ်။

၁၃၀၀ ပြည့် အရေးတော်ပုံကအစ နောက်ပိုင်း တောက်လျောက် အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာရေး၊ ဘုရားရင်ပြင်တော်ပေါ် ဖိနပ်မစီးရေး .. စတဲ့ လှုပ်ရှားမှုတွေကနေ နောက်ဆုံး အင်္ဂလိပ်ကို တိုက်ဖို့ ဂျပန်နဲ့ သွားပေါင်းတဲ့ အထိ၊ ဂျပန်ကို မောင်းထုတ်ခဲ့ပြီး အင်္ဂလိပ်လက်ထဲကနေ လွတ်လပ်ရေးကို အရယူခဲ့တဲ့ ... သမိုင်းတလျှောက်မှာ တပ်မတော်(စစ်တပ်) ဆိုတာ မရှိခဲ့ပါဘူး။ သခင်အောင်ဆန်း၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း ဦးဆောင်တဲ့ မျိုးချစ် လူတစ်စုနဲ့ ပြည်သူလူထုက ရယူပေးခဲ့တာပါ။

ကဲ ဘယ်မှာလဲ မြန်မာ့ တပ်မတော်ရဲ့ ဂုဏ်ရောင် ထွန်းပြောင်ခဲ့တဲ့ သမိုင်း၊ .... တကယ့် မြန်မာ့လွတ်လပ်ရေးသမိုင်း အစစ် အမှန်မှာ တပ်မတော်(စစ်တပ်)ဆိုတာ မရှိခဲ့ဘူး။

ဂျပန်အထိ သွားပြီး စစ်ပညာသင်ဖို့၊ လက်နက်ကိုင် တော်လှန်ဖို့ လုပ်ခဲ့တာလည်း သေချာ ပြန်တွေးကြည့်ပါ။ မြန်မာတပ်မတော် မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေ၊ သခင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေက လုပ်ခဲ့တာပါ။ အဲဒါ အမှန်တရားတွေပါ။ အဲဒါ နိုင်ငံရေးသမားတွေ၊ သခင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေရဲ့ သမိုင်းတွေပါ။

လက်ရှိ မြန်မာ့တပ်မတော်ရဲ့ သမိုင်းမဟုတ်ဘူး။ သခင်နဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ သမိုင်း။

အဲဒီ အထဲကမှ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ ဒို့ဗမာ အစည်းအရုံးဝင် သခင်အောင်ဆန်းက လက်နက်ကိုင် အဖွဲ့ ဖွဲ့ပြီး အင်္ဂလိပ်နယ်ချဲ့ကို တွန်းလှန်ခဲ့တာပါ။ မြန်မာ့ တပ်မတော်က တွန်းလှန်ခဲ့တာ မဟုတ်ပါဘူး။

ဒါကြောင့် မြန်မာပြည် သမိုင်းမှာ .. သခင်အောင်ဆန်း အပါအဝင် သခင်များ၊ ကျောင်းသားခေါင်းဆောင်များက ရယူပေးခဲ့တဲ့ ... မြန်မာ့ လွတ်လပ်ရေးသာ ဖြစ်ပြီး .... အခု လက်ရှိ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ နအဖရဲ့ နောက်လိုက် စစ်တပ်က ရယူပေးခဲ့တဲ့ လွတ်လပ်ရေး ဆိုတာ မြန်မာ့သမိုင်းမှာ လုံးဝ မရှိပါဘူး။

မြန်မာပြည်လွတ်လပ်ရေး အရယူပေးခဲ့သော မြန်မာပြည်၏ ကျေးဇူးရှင်များသည် နိုင်ငံရေးသမားများ၊ သခင်များနှင့် ကျောင်းသားခေါင်းဆောင်များသာ ဖြစ်သည်။

လက်ရှိ တပ်မတော်သည် မြန်မာပြည်အား ဒုက္ခပေးခဲ့သော သမိုင်းများသာ ရှိပါသည်။

ထိုကြောင့် မြန်မာပြည်သည် သမိုင်းကြောင်းအရ နအဖ စစ်တပ်၏ ကျေးဇူးခံ လုံးဝ မဟုတ်ပေ။.....


လေးစားစွာဖြင့်
ကိုထိုက်

(စာကြွင်း ... လက်ရှိ ဖြစ်ပေါ်နေသော သမိုင်းသစ်များအရ နအဖ နောက်လိုက် စစ်တပ်နှင့် မြန်မာပြည်ကြားတွင် .. သွေးကြွေး၊ ဘဝကြွေး၊ မိဘတွေရဲ့ မျက်ရည်ကြွေး၊ လူငယ်တွေရဲ့ အနာဂတ်ကြွေး၊ ဗုဒ္ဓဘာသာနှင့် သာသနာတော်ကြွေး တွေသာရှိပါကြောင်း)

Sunday 28 March 2010

မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ (ယူကေ) မှ ရွေးကောက်ပွဲဥပဒေများအပေါ် နိုင်ငံရေးသဘောထား ထုတ်ပြန်ချက်

နအဖ စစ်အစိုးရက ၂၀၁၀ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ထုတ်ပြန်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို လုံးဝ ပစ်ပယ်လိုက်သည့် ဥပဒေများဖြစ်ကြောင်း တွေ့ရှိရသည်။ ထိုကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရွှေဂုံတိုင်မူကို ဆက်လက်ကိုင်စွဲ၍ ပါတီတည်ရှိမှုထက် ပြည်သူ့အကျိုးအတွက် တိုက်ပွဲဝင်သွားနိုင်မည်ဟု ကျွန်ုပ်တို့အနေဖြင့် ယုံကြည်ပါသည်။

ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲအပြီးကာလများတွင် ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေး မငြိမ်သက်မှုများ၊ အထွေထွေအကြပ်အတည်းများတွက် တာဝန်ရှိသူမှာ နအဖ သာဖြစ်ကြောင်း ကျွန်ုပ်တို့ရှုမြင်သည်။ တိုင်းရင်းသား ဒေသများတွင် စစ်ပြင်နေမှုများ၊ စစ်အင်အားတိုးချဲ့မှုများသည် နိုင်ငံရေး ပြဿနာကို လက်နက်ကိုင် အကြမ်းဖက်နည်းဖြင့် အနိုင်ယူ ဖြေရှင်းလိုသည့် စစ်အာဏာရှင်စနစ်၏ သဘောသဘာဝ များအဖြစ် မှတ်ယူသည်။

လွတ်လပ်ရေးရပြီးချိန်မှ ယနေ့ကာလအထိ နိုင်ငံရေး ပြဿနာများကို လက်နက်ဖြင့် ဖြေရှင်းခြင်းသည် နိုင်ငံရေး အဖြေမဟုတ်ကြောင်း နအဖ အနေဖြင့် အလေးအနက် ထားသင့်သည်။ စစ်ရေးအရ ခြိမ်းခြောက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား နယ်ခြားစောင့်တပ်များအဖြစ် အတင်းသွပ်သွင်းနေခြင်းများသည် ပြည်တွင်းစစ်မီးများ တောက်လောင်ကာ အမျိုးသားရေးပြိုကွဲမှုများကို ဦးတည်သွားနိုင်ကြောင်း စိုးရိမ်ဖွယ်ရာ တွေ့ရှိနေရသည်။

ထိုသို့ ဖြစ်ပေါ်လာမည့် သမိုင်းအကျိုးဆက်များသည် နအဖ၏ တာဝန်သာဖြစ်ကြောင်း ကျွန်ုပ်တို့ အလေးအနက် သတိပေးလိုသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ တိုက်တွန်းတောင်းဆိုချက်များကို နအဖမှ မသိကျိုးကျွံပြုလျက် ဆက်လက်၍ အကြမ်းဖက်ကာ တဖက်သက် ဖြေရှင်းနေခြင်းများသည် တိုင်းပြည်အား အန္တရာယ်အတွင်းသို့ ကျဆင်းစေရန် ခြိမ်းခြောက်လျက် ရှိသည်။

ထိုကြောင့် အချိန်မနှောင်းမီ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထားသော တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေး၍ အမျိုးသားရေး ပြဿနာများကို ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းခြင်းသာလျှင် စစ်မှန်သောအဖြေဖြစ်ကြောင်း ပြောကြားလိုသည်။

တရားမျှတမှု မရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးကို ဆက်လက်၍ မဆုတ်မနစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့၏ သဘောထားကို ထုတ်ပြန်ကြေငြာလိုက်ပါသည်။


မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ (ယူကေ)

၂၇၊ မတ်လ၊ ၂၀၁၀ တော်လှန်ရေးနေ့ည- ဆေးနီမှုတ်(စပရေး) ကန်ပိန်း (မန္တလေး)








ကျွန်တော်တို့ လဖစတ (AAMD) - Burma အင်အားစုမှ (စပရေး)မှုတ်ဆေးအနီတွေနဲ့ မန္တလေးမြို့ပေါ်အနှံ့ နံရံတွေပေါ် FREE, FREE Su Kyi, FREE Daw Su, FREE 2010, FREE Aung San Su Kyi, ရွေးကြက်ခြေခတ်(ရွေးကောက်ပွဲအလိုမရှိ) အစသဖြင့် လိုက်လံရေးသားကာ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖမ်းဆီးခံ နိုင်ငံရေးတော်လှန်ရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ၂၀၀၈ နာဂစ်အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ရည်ရွယ်ချက်များအတွက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

မှုတ်ဆေးတော်လှန်ရေးဆင်နွှဲခဲ့တဲ့ မန္တလေးမြို့ပေါ် နေရာတွေကတော့ မန္တလေးတိုင်း တရားရုံးချုပ်နံရံတွေ၊ TTC (ပညာရေးကောလိပ်), နန်းရှေ့၊ ရွှေကျောင်းကြီး၊ မန္တလေးတက္ကသိုလ်အရှေ့ဘက် ၆၉ လမ်း၊ ဗောဓိကုန်း၊ ၆၂ လမ်း၊ ၆၄၊ ၆၅ လမ်း သိပ္ပံလမ်း၊ မြို့သစ်၊ လမ်း ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၆၊ ၈၇ လမ်းတွေနဲ့ မဟာမြတ်မုနိ ဘုရားကြီးပတ်ဝန်းကျင်၊ ရွှေကျီးမြင်ဘုရားပတ်ဝန်းကျင် အစသဖြင့် ၀င်းနံရံ၊ တံခါးဝ၊ အုတ်ခုံ၊ ရေကန်၊ ဓမ္မာရုံနံရံ အစသဖြင့်တွေပေါ်မှာ ဆေးနီစပရေးဘူးနဲ့ လိုက်မှုတ်ရေးခဲ့ကြပါတယ်။

အလားတူ ဆန့်ကျင် ဆန္ဒဖော်ထုတ်မှုမျိုးတွေကို အခြားနယ်၊မြို့များမှာလည်း မပြတ်တမ်းဆက်လက် ဆင်နွှဲကြဖို့ အလေးအနက်ထား တိုက်တွန်းလိုက်ပါတယ်ခင်ဗျား။

ဓာတ်ပုံတွေကို ပူးတွဲ ပေးပို့လိုက်ပါတယ်။

-------------
လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစု (လဖစတ)
Activists for Abolishing the Military Dictatorship (AAMD) – Burma

ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ

လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစု (လဖစတ)

Activists for Abolishing the Military Dictatorship (AAMD) Burma

ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ

(၁/၂၀၁၀)

၂၈၊ မတ်လ၊ ၂၀၁၀

ကျွန်တော်တို့အင်အားစုသည် ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအပြီး ပေါက်ဖွားလာသည်။ ခေတ်ပညာတတ်လူငယ်များ၊ ကျောင်းသားများ၊ တော်လှန်ရေး အတွေ့အကြုံရင့်လူကြီးများ၊ ရဟန်းသံဃာများနှင့် ချိတ်ဆက်စုပေါင်းထားသော အင်အားစုဖြစ်သည်။ ဗမာပြည်တွင်း အခြေစိုက်ထားသော ကျွန်တော်တို့အင်အားစုသည် ပြည်တွင်းတွင် လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို အခါအားလျော်စွာဆင်နွှဲလေ့ရှိသည်။

ယနေ့ချိန်ခါသည် စစ်အာဏာရှင်စနစ်၊ စစ်အာဏာရှင်တစ်စုနှင့် ၄င်းတို့၏ အပေါင်းအပါ တွဲဘက် လူလွန်မသားများ၏ ခြစားလိမ်ညာရက်စက်ယုတ်မာမှုများအား ဗမာပြည်သူလူထုများခင်မျာ အပြင်းထန်ဆုံးရင်ဆိုင်ခါးစည်းခံစားနေရသော ကာလဖြစ်သည်။

၂၀၀၈ နာဂစ် မတရားအခြေခံဥပဒေ အခြေပြုကာ ကျင်းပမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်တော်တို့အင်အားစုက အယုံအကြည်မရှိပါ။ လက်မခံပါ။ ထိုမှတစ်ဖန် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအား ချောင်ပိတ်ရိုက်သလို ပြုမူထားပြန်သည့် ၂၀၁၀ ပါတီနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကိုလည်း ကျွန်တော်တို့အင်အားစုမှ ပျက်ရယ်ပြုရှုံ့  ချလိုက်ပါသည်။

NLD ပါတီအနေဖြင့် ၂၀၀၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့က ၄င်းတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားသည့် ရွှေဂုံတိုင်ကြေညာစာတမ်းပါ ရပ်တည်ချက်များကို မိမိတို့အရှက်၊ မိမိတို့ငဲ့ကွက်၍ ဆက်လက်လေးစားကိုင်စွဲကာ ၂၀၁၀ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့တွင် ဆုံးဖြတ်ရာ၌ "မတရားရွေးကောက်ပွဲအား ငါတို့မ၀င်" ဟု ပြတ်ပြတ်သားသားဆုံးဖြတ်ရန် လိုအပ်သည်။

ရွေးကောက်ပွဲဝင်ရေးအသံပေးနေသည့် NLD ပါတီဝင်များနှင့် တတိယအုပ်စုဝင်ဆိုသူများသည် ပါတီရပ်တည်ရေး၊ ရသလောက်ယူ-ပူးသတ်တိုက်ယူရေးကို အကြောင်းပြကာ အသံကောင်းဟစ်နေကြသော်လည်း အမှန်တကယ်မှာ ထိုသူများအနေဖြင့် စစ်အာဏာရှင်များအား ဒူးထောက်အညံ့ခံ ကြောက်ရွံ့အရှုံးပေး၊ ဘက်ပြောင်းဘက်လိုက်၊ ခြံခုန်လာဘ်မျှော်နေခြင်းမျှသာ ဖြစ်ပါသည်။

ယနေ့ချိန်ခါသည် ဗမာတစ်တိုင်းတစ်ပြည်လုံးရှိ အလွှာမျိုးစုံမှ ပြည်သူများပါဝင်သော နိုင်ငံရေး၊ တော်လှန်ရေးတိုက်ပွဲများ ပြင်းထန်စွာ ဆင်နွှဲရမည့် အချိန်အခါကျရောက်ပြီဖြစ်ပါသဖြင့် ထိုကဲ့သို့ ၂၀၁၀ ခုနှစ်၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ဆန့်ကျင်တော်လှန်ရေးကြီးအား ဆင်နွှဲရာတွင် NLD ပါတီနှင့် NLD ပါတီဝင်များကလည်း ဗမာပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင် ဦးဆောင်ဆင်နွှဲပါရန် လေးစားစွာ တိုက်တွန်းအပ်သည်။

လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစု (လဖစတ)

Activists for Abolishing the Military Dictatorship (AAMD) Burma