Wednesday 2 March 2011

တောင်သူလယ်သမားတွေအတွက် နစ်နာမှု

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့၊ ..

ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒုက္ခဆိုးတွေကို စတင်မွေးဖွားလိုက်တဲ့ နေ့ရက် တစ်ရက်ဆိုရင် မှားမယ်မထင်ပါဘူး။ စစ်တပ်ထဲက စစ်ခေါင်းဆောင် အာဏာရှင် ဦးနေဝင်းက မြန်မာပြည်ကို ဒုတိယအကြိမ် အာဏာသိမ်းခဲ့တဲ့ နေ့ဖြစ်ပြီး .. အဲဒီနေ့က စလို့ မြန်မာပြည်ဟာ စစ်ကျွန်ဖြစ်ခဲ့ပါတော့တယ်။

ကွန်မြူနစ် သောင်းကျန်းသူတွေ တိုင်းပြည်ကို အဖျက်အမှောက်လုပ်တယ် ပြောပြီး ကွန်မြူနစ် မကောင်းကြောင်းကို ပြောနေပေမယ့် လက်တွေ့မှာတော့ တရုတ်ပြည်ကို မော်စီတုန်းကို အတုခိုးပြီး လယ်သမားတွေကို စည်းရုံးဖို့နဲ့ အာဏာသိမ်းပြီး အောင်ပွဲခံတယ်ဆိုတဲ့နေ့မှာ တရားဝင် အခန်းအနား ကျင်းပနိုင်ဖို့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့ဆိုပြီး သတ်မှတ်ခဲ့တာပါပဲ။

တရုတ်ပြည်မှာက မော်စီတုန်းက လယ်သမားလူတန်းစားကို စည်းရုံးပြီး ၁၉၃၄ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အာဏာရ ချန်ကေရှိတ် အစိုးရကို စတင်တော်လှန်ခဲ့ပြီး အောင်မြင်မှုတို့ရခဲ့ပါတယ်။ ချန်ကေရှိတ်ကတော့ ပြည်မကြီးကနေ ဆုတ်ခွာရပြီး နောက်ဆုံး တိုင်ဝမ်ကျွန်းမှာ တိုင်ဝမ်နိုင်ငံကို တည်ထောင်သူဖြစ်ခဲ့ပါတယ်။

အဲဒီလို တရုတ်ကွန်မြူနစ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မော်စီတုန်းကို အားကျခဲ့ပြီး ဦးနေဝင်းကလည်း တောင်သူလယ်သမား ကဏ္ဍဟာ အရေးပါတယ်ဆိုပြီး တောင်သူလယ်သမားနေ့ကို တီထွင်ခဲ့တာ သက်သက်ပါပဲ။ ပြီးတော့ ဆိုရှယ်လစ် သမ္မတနိုင်ငံ တည်ထောင်မယ် ဆိုပြီး ၁၉၇၄ အခြေခံဥပဒေကို အတင်းအတည်ပြုပြီး မြန်မာပြည်ကို ဘောင်ဘီချွတ် အာဏာရှင် အဖြစ်စတင် အုပ်ချုပ်ပါတော့တယ်။

တရုတ်ပြည်မှာ မော်စီတုန်းက တောင်သူလယ်သမားတွေကို စည်းရုံးပြီး တော်လှန်ရေးကို အောင်မြင်ခဲ့တာ ဖြစ်ပေမယ့် .. သူရဲ့ မှားယွင်းတဲ့ စီမံမှုတွေကြောင့် လူ သန်းပေါင်း ၂၀ ကျော် အငတ်ဘေးနဲ့ သေတာကိုတော့ သင်ခန်းစာ မယူခဲ့ပါဘူး။ ကမ္ဘာပေါ်မှာ လူအများဆုံး သတ်တယ်ဆိုတဲ့ ဟစ်တလာထက် သူသတ်ခဲ့တဲ့ လူဦးရေးက ပိုများပါတယ်။ ဟစ်တလာက တိုက်ရိုက် သတ်ခဲ့တာ ဖြစ်ပြီး သူကတော့ သွယ်ဝိုက်ပြီး လူအများဆုံး သတ်ခဲ့သူပါ။

မော်စီတုန်းရဲ့ အာဏာရယူပုံကိုပဲ အတုယူခဲ့ပြီး … တိုင်းပြည်ဒုက္ခရောက်ပုံကို သင်ခန်းစာမယူခဲ့တဲ့ ဦးနေဝင်းက မြန်မာပြည်ကို မော်စီတုန်းရဲ့ လုပ်ကိုင်ပုံအတိုင်း တရုတ်ပြည် အုပ်ချုပ်ရေး ပုံစံကို အသက်သွင်းပြီး တိုင်းပြည်ကို ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံတော် တည်ထောင်မယ်ဟေ့ ဆိုပြီး ကြေငြာကာ ပျက်စီးခြင်းများစွာကို စတင်ပါတော့တယ်။

မော်စီတုန်းက စုပေါင်းလယ်ယာ၊ စုပေါင်းလုပ်ကိုင် ဆိုပြီး ၅ နှစ် တိုင်းပြည် တိုးတတ်ရေး စီမံကိန်းကို ချမှတ်ခဲ့ပါတယ်။ အဲဒီ စီမံကိန်းရဲ့ လွဲမှားမှုတွေကြောင့် ၅ နှစ်စီမံကိန်းရဲ့ ပထမ ၃ နှစ် ၁၉၅၈-၁၉၆၁ ခုနှစ်မှာပဲ စီမံကိန်းပျက်စီးပြီး လူသန်းပေါင်း ၂၀ ကျော် သေခဲ့ရတာပါ။ ဒါကို လုံးဝ သင်ခန်းစာ မယူဘဲ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတဲ့ ဦးနေဝင်ဟာ ဆိုရှယ်လစ်စီမံကိန်းတွေ ရေးစွဲပြီး ပြည်သူတွေပိုင်တဲ့ လုပ်ငန်းတွေကိုပဲ ပြည်သူပိုင်သိမ်းတယ်ဆိုပြီး အစိုးရကနေ အတင်းအဓမ္မဝင်ရောက် သိမ်းယူပြီး စီးပွားရေး စနစ် စတင် အရှိန်ရကာစ မြန်မာပြည်ရဲ့ စီးပွားရေး စနစ်ကို တချက်ထဲနဲ့ ရိုက်ချိုးပြီး အမှောင်ထုထဲရောက်အောင် မြန်မာပြည်ကို ဆွဲခေါ်သွားခဲ့တာပါပဲ။

တောင်သူလယ်သမားတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ တောင်သူလယ်သမားနေ့ကို သတ်မှတ်ပေးတယ်ဆိုတဲ့ အတွေးအခေါ်ကို လက်ခံပေမယ့် … စေတနာဆိုး ဖြစ်ရပ်ဆိုးတွေရဲ့ ကြမ္မာနောက်ဆက်တွဲအဖြစ်နဲ့ တောင်သူလယ်သမားနေ့ စတင်ဖြစ်ပေါ်လာခဲ့တာကတော့ မြန်မာပြည်အတွက်ရော တောင်သူလယ်သမားတွေ အတွက်ပါ ဝမ်းနည်းစရာ ဖြစ်နေရပါတယ်။

မြန်မာပြည်အမှောင်ထုထဲ စတင်ဝင်ရောက်တဲ့နေ့၊ ဒါမှ မဟုတ် အာဏာရှင်စနစ် စတင် အမြစ်တွယ်တဲ့နေ့ဟာ တောင်သူလယ်သမားနေ့နဲ့ ထပ်တူဖြစ်နေခဲ့ရတတာဟာ တောင်သူလယ်သမားတွေအတွက် နစ်နာမူကြီး တစ်ခု အနေနဲ့ပဲ သတ်မှတ်ချင်ပါတော့တယ်။

လေးစားစွာဖြင့်

ကိုထိုက်

(မြန်မာ့ သမိုင်းကြောင်းအရ ဦးနေဝင်းနဲ့ မော်စီတုန်းတို့ရဲ့ လုပ်ပုံကိုင်ပုံ အကြမ်းဖျင်းကို တင်ပြခဲ့ခြင်းသာဖြစ်ပါတယ်။ ကျွန်တော် တင်ပြမှုတွေမှာ မှားယွင်းမှု တစုံတရာ ရှိခဲ့မယ်ဆိုရင် လွတ်လပ်စွာ အမှားပြင်ပေးကြပါ ခင်ဗျာ။)